ကောက်ပင်ရိတ်လှီး စကားပြောနည်း

20161103_large.png

ဒီတစ်ပတ်မှာတော့ စကားကြီးဆယ်မျိုးထဲက ဒုတိယတစ်မျိုးဖြစ်တဲ့ “ ကောက်ပင်ရိတ်လှီး “ စကားပြောနည်းအကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စကားပြောဆိုနည်းအကြောင်းမသွားခင် ပုံပြင်လေးတစ်ပုဒ်ကို အရင်ဖတ်ကြည့်ရအောင်နော်။

ဟိုးရှေးရှေးတုန်းက သူဌေးသားတစ်ယောက်ဟာ ဗျိုင်းတစ်ကောင်ကို လေးနဲ့ပစ်ပြီး ဗျိုင်းသေကို သယ်လာခဲ့ပါတယ်။ သူ့ကို မြင်တဲ့ အခါ တခြားသူဌေးသား တစ်ယောက်က လိမ်လည်လှည့်ဖျားချင်တဲ့ အကြံနဲ့ ဗျိုင်းသေကို ကြည့်ပြီး၊ ရှိုက်ကြီးတငင်ငိုပြီးတော့ အခုလို ပြောပါတယ်။

“ ဒုက္ခပါပဲဗျာ ။ ကျုပ် ဗျိုင်းကလေး ခင်ဗျားကြောင့် အခုသေသွားပြီ။ ဒီမှာ … ခင်ဗျား သတ်ပစ်လိုက်တဲ့ ဗျိုင်းဟာ သာမန်ဗျိုင်း မဟုတ်ဘူး။ ကျုပ်ကို တစ်နေ့ကို ရွှေတစ်ကျပ်သား အန်ထုတ်ပေးနေတဲ့ ဗျိုင်းဗျ။ အခု အဲဒီ အဖိုးတန် ဗျိုင်းကလေးကို ခင်ဗျား သတ်ပစ်လိုက်ပြီ။ ခင်ဗျားဆီက အလျော်တောင်းမှ ဖြစ်တော့မယ် “ လို့ ငိုကြီးချက်မနဲ့ လုပ်ဇာတ်ခင်း ပြောပြီး တရားရုံးမှာ တရားစွဲပါတော့တယ်။

တရားသူကြီး ရှေ့ရောက်တဲ့ အခါမှာ ဗျိုင်းကို သတ်မိတဲ့ သူဌေးသားက တရားစွဲတဲ့ သူဌေးသားကို အခုလို မေးပါတယ်။

“ ခင်ဗျားကို ဒီ ဗျိုင်းက နေ့တိုင်း ရွှေစင် တစ်ကျပ်သား အန်ထုတ်ပေးတယ်ဆို ။ အဲဒီလို အန်ထုတ်ပေးနေတာ ဘယ်လောက် ကြာပြီတုံး “

“ တစ်နှစ်ရှိသွားပြီဗျ။ ခင်ဗျား အတော်လုပ်ရက်တဲ့ သူပဲ။ ကျုပ်ကို အကျိုးပြုနေတဲ့ ဗျိုင်းကလေးကိုမှ သတ်ပစ်ရက်တာ “

“ ဪ … တစ်နှစ် ဟုတ်လား။ ခုမှပဲ ဗျိုင်းသူခိုးကို မိတော့တယ် “ ဆိုပြီး တရားသူကြီးဘက်ကို လှည့်ပြောပါတော့တယ်။

“ တရားသူကြီးမင်းခင်ဗျာ … ဒီဗျိုင်းဟာ အမှန်တော့ ကျွန်တော့်ဆီက ရွှေတွေကို ခိုးနေခဲ့တဲ့ ဗျိုင်းပါ။ ကျွန်တော့်အိမ်ရှေ့မှာ ရွှေပုံကြီး တစ်ပုံရှိပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ဗျိုင်းတစ်ကောင်ဟာ ကျွန်တော့်အိမ်ကို လာပြီး ရွှေတစ်ကျပ်သားစီကို နေ့တိုင်း နေ့တိုင်း လာ လာခိုးပါတယ်။ အဲဒီ ဗျိုင်းဟာ ဘယ်က ဗျိုင်းမှန်း မသိလို့ ဘာမှ အရေးယူလို့ မရခဲ့ပါဘူး။ အခုတော့ ဗျိုင်းပိုင်ရှင် ကိုယ်တိုင်ကိုက ဝန်ခံနေပြီမို့ ကျွန်တော့် ရွှေတွေ ဘယ်ရောက်သွားလဲ ဆိုတာ သိလိုက်ရပါပြီ။ သူခိုးလက်ခံ ဖြစ်တဲ့ ဒီလူကို အရေးယူပေးပါ တရားသူကြီးမင်း “

အဲဒါနဲ့ပဲ သူတစ်ပါးဆီက အချောင် ပိုက်ဆံလိုချင်တဲ့ သူဌေးသားလည်း ကိုယ့်စကားနဲ့ကိုယ် ပိတ်မိနေတာကြောင့် တစ်နှစ်စာ ရွှေစင် သုံးပိဿာခြောက်ဆယ်သားကို အလျော်ပေးလိုက်ရပါတော့တယ်။

ကောက်ပင်တွေကို ရိတ်သိမ်းတဲ့ လူတွေဟာ ကောက်ပင်အများကြီးကို လက်တစ်ဖက်နဲ့ သိမ်းကျုံးစုစည်းထားပြီး အရင်းကနေ ရိတ်ဖြတ်ပစ်သလိုမျိုး တစ်ဖက်လူရဲ့ စကားကို အပိုင်ချည်နှောင်ထားပြီးမှ ကိုယ့်စကားနဲ့ အနိုင်ဖြတ်ပြောတဲ့ နည်းဟာ “ကောက်ပင်ရိတ်လှီး “ စကားပြောနည်း ဖြစ်ပါတယ်။

ကိုးကား ။ ။ စကားပုံအလင်းပြကျမ်း (ကြည်ဦး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top