လိုက်ဖက်လှတဲ့ ကြာဆံချက်နှင့် ရှောက်သီးသုတ်

food-20161007-ii.jpg

ပဲကြာဆံ – ၁ဝကျပ်သား (ယိုးဒယားပဲကြာဆံက ပိုနူးညံ့သည်)

ကြက်သားနှင့် ကြက်ရိုး – ၃ဝကျပ်သား

ငါးဖယ် – ၁ဝကျပ်သား

ငုံးဥ

ကြက်နားရွက်မှို

အသားတု

ရှိတာကဲမှို – ၃ပွင့်

ရှောက်သီးအစိမ်း – ၁လုံး

ပုစွန်အချိုခြောက်

ပဲအကျက်မှုန့်

ကြက်သွန်နီ

ကြက်သွန်ဖြူ

ဂျင်း

မြန်မာနံနံပင်

ငရုတ်ကောင်း

ငရုတ်သီးစိမ်း

မြေပဲလှော်

ပဲကြာဆံ၊ ကြက်နားရွက်မှို၊ ရှိတာကဲမှို၊ အသားတု စတာတွေကို မိနစ်သုံးဆယ်လောက် သတ်သတ်စီ ရေစိမ်ထားပါ။ ရေနွေးတည်ထားပြီး ရေဆူလာလျှင် ကြက်သားနှင့်ကြက်ရိုးကို ထည့်ပြုတ်လိုက်ပါ။ ကြက်သွန်ဖြူ နဲ့ ငရုတ်ကောင်းကို ထောင်းပြီး ကြက်ပြုတ်အိုးထဲ ထည့်လိုက်ပါ။ ဆားကို သင့်သလိုထည့်ပါ။ ကြက်သားအနည်းငယ် နူးလောက်ပြီဆိုရင် မှို၊ အသားတုတို့ကို ထည့်ပါ။

ဟင်းရည်ပြုတ်နေစဉ်မှာ ငါးဖယ်ကို ဂျင်း၊ ကြက်သွန်ဖြူထောင်း၊ ဆားတို့နဲ့ စီးနေအောင် နယ်ပေးထားပါ။ ငါးဖယ်နယ်ကို ရေစပ်စပ်နဲ့ ခပ်ထူထူအပြားချပ်လိုက်ကြီး ချက်လိုက်ပါ။ ငါးဖယ်ပြားကျက်ရင် လက်တစ်ဆစ်စာ အတုံးလေးတွေ လှီးပြီး ဟင်းရည်ပြုတ်အိုးထဲ ထည့်လိုက်ပါ။ ရေစိမ်ထားတဲ့ ပဲကြာဆံကို ရေစစ်ပြီး ဆက်လက်ထည့်ပါ။ အပေါ့ အငန် လိုအပ်သလ်ိုထည့်ပြီးရင် ပဲကြာဆံ နူးသလောက်ရှိပြီးဆိုရင် ငရုတ်ကောင်းစေ့ထောင်းကို ထည့်ပြီး ၅မိနစ်လောက်နေရင် မီးဖိုပေါ်က ချနိုင်ပါပြီ။

ရှောက်သီးခပ်စိမ်းစိမ်းကို အမွှာလေးတွေရအောင် နွှင်၊ ပုစွန်အချိုခြောက်ကို ညက်အောင်ထောင်း၊ မြေပဲလှော်ကို မညက်တညက်ထောင်း၊ ပဲမှုန့်အကျက်မှုန့်၊ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆား သို့မဟုတ် ငံပြာရည် သို့မဟုတ် ငါးပိစိမ်းစားဖုတ် တို့နဲ့ ရောသုတ်လိုက်ပါ။ ငရုတ်သီးစိမ်းကို အနေတော်လှီးပြီး နောက်ဆုံးမှ ထည့်နယ်လိုက်ပါ။

ကြာဆံချက်ထဲကို ငုံးဥပြုတ်၊ နံနံပင်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း (သို့) ငရုတ်သီးအကျက်မှုန့် စတာတွေထည့်စားရင် ပိုစားကောင်းပါတယ်။ ကြာဆံချက်လေးတစ်လုပ်သောက်လိုက် ရှောက်သီးသုတ်လေး တစ်ဇွန်းစားလိုက်နဲ့ သိပ်လိုက်ဖက်ပါတယ်။ အချဉ်တအားကြိုက်ရင်တော့ ကြာဆံချက်ထဲ ရှောက်ရည်ညှစ်ထည့်လိုက်ပါအုံးလေ။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top