သေစေလောက်သော အမှောင်ထု

male-red-deer-antlers-PS8WKDG.jpg

ရှေးအခါက ရာဇဂြိုဟ်ပြည်၏ တစ်ခုသော တောင်ခြေရှိ တောအုပ်တွင် သမင်အပေါင်းတို့သည် နေထိုင် ကျက်စားကြကုန်သည်။

ကောက်ပဲသီးနှံ စပါးတို့ မှည့်သောအချိန်ရောက်တိုင်း တောင်ခြေမှ သမင်များသည် ရွာအနီးသို့ ချဉ်းကပ်ကာ လယ်ယာများသို့ ဝင်ရောက်စားသောက်ကြသည်။ ကောက်စပါးတို့ကို လာရောက်စားသော သမင်များအား ဖမ်းဆီး သတ်ဖြတ်ရန် မုဆိုးများကလည်း ချောင်းမြောင်းလို့နေသည်။

တစ်နေ့သ၌ တောသမင်အုပ်သည် လူခြေတိတ်ချိန်တွင် ကောက်စပါးတို့ကို ထုံးစံအတိုင်း လာရောက် စားသောက်ကြသည်။ ရွာအနိးတွင် နေထိုင်ကျက်စားသော သမင်မ တစ်ကောင်လည်း ကောက်စပါးတို့ကို လာရောက် စားသောက်သည်။ တောသမင်အုပ်မှ သမင်ဖို တစ်ကောင်သည် ရွာအနီး နေထိုင်ကျက်စားသော သမင်မအား စွဲလမ်းစိတ် ဖြစ်ပေါ်လေသည်။ တောသမင်အုပ်သည် ကောက်စပါးများကို ဝလင်အောင် စားသောက်ပြီး လူတို့မလာခင် တောသို့ပြန်သွားကြသည်။

သမင်ဖိုသည် သမင်အုပ်နှင့်အတူ တောသို့ လိုက်မပြန်ဘဲ သမင်မအနောက်သို့သာ တကောက်ကောက် လိုက်လေသည်။ သမင်မသည် သမင်ဖိုအတွက် အန္တရာယ်ရှိသည်ကို မြင်၍ ကရုဏာသက်စွာဖြင့် “သင်သည် တောတောင်တွင် နေထိုင်သော သမင်ဖြစ်သည်။ လူတို့နေထိုင်သော ရွာအနီးသို့ ယခုလို လိုက်လာသည်မှာ အန္တရာယ်များလှသည်။ ငါ့အနောက်သို့ ဆက်မလိုက်ဘဲ ပြန်ပါလေ။” ဟု သတိပေးစကား ပြောရှာသည်။ သို့သော် တောသမင်ဖိုမှာ သတိပေးစကားကို နားမဝင်ဘဲ လိုက်မြဲဆက်လိုက်သည်။

သမင်နှစ်ကောင် လာရာလမ်းရှိ ချုံနွယ်တစ်ခုတွင် မုဆိုးသည် လေးမြားအသင့်ပြင်ကာ စောင့်ဆိုင်းလို့နေသည်။ သမင်မသည် လူနံ့ရသဖြင့် လျှင်မြန်စွာပြေးလေသည်။ သမင်ဖိုသည် တဏှာအမှောင်ဖုံးသဖြင့် အန္တရာယ်ကို သတိမမူမိဘဲ မုဆိုးမြားချက် မှန်လေသည်။ မုဆိုးသည် သမင်ဖို၏ အသားအချို့ကို နေရာတွင်ပင်ဖျက်ကာ မီးဖို၍ ဖုတ်စားသည်။ ကျန်သော အသားများကို ရွာသို့ ထမ်းယူသွားလေသည်။ အဖြစ်အပျက် အစအဆုံးကို မြင်သော ရုက္ခစိုးနတ်မင်းသည် ကာမဂုဏ်လိုက်မိ၍ အသက်သေရရှာသော သမင်ဖိုကို ကြည့်ကာ သံဝေဂရသည်။

ဤ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ ကဏ္ဍိဇာတ်တွင် သင်ခန်းစာယူစရာများ များစွာရှိသည်။ သမင်ဖိုသည် ကာမ အမှောင်ဖုံးသဖြင့် အန္တရာယ်ရှိသော အရပ်သို့ သတိမကပ်ဘဲ သွားလာခြင်း၊ မိမိအပေါ် ကောင်းစေလို၍ သတိပေး စကားဆိုသည်ကို လစ်လျူရှုခြင်းတို့ကြောင့် အသက်ပေးခဲ့ရသည်။

ကျွန်ုပ်တို့ ပုထုဇဉ်လူသားများသည် အခြား တစ်ဦးတစ်ယောက် အပေါ်သို့ စွဲလန်း နှစ်သက်မိတတ်ကြသည်။ မိမိ စွဲလန်းမိသောသူနှင့် ပတ်သတ်၍ ပတ်ဝန်းကျင်မှ သတိပေး စကားများ ဆိုလာတတ်ကြသည်။ အချို့သည် ချင့်ချင့်ချိန်ချိန် စုံစမ်းကာ ဆက်လက် လက်တွဲသွားသည်လည်းရှိသလို လမ်းခွဲ ပြတ်စဲလိုက်သည်လည်း ရှိကြသည်။

မိမိ၏ ပြုလုပ်ချက်များက မိမိ၏ ဘဝကို နစ်မွန်းသွားနိုင်စေသလို၊ ပျော်ရွှင်စွာ ဇာတ်ပေါင်းလေသတည်းလည်း ဖြစ်စေနိုင်သည်။ မိမိ၏ ဘဝ ဇာတ်လမ်းများကို သတိကပ်၍ လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်ရင်း ကဏ္ဍိဇာတ်တော်ကို ဖော်ပြပေးလိုက်ပါသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top