ONE Championship မှ အကောင်းဆုံးအလဲထိုးအနိုင်ယူနိုင်ခဲ့သူ (၅) ဦး

aung-la.jpg

ကိုယ်ခံပညာအားကစားပြိုင်ပွဲတိုင်းတွင် ပရိသတ်စိတ်အလှုပ်ရှားဆုံးအခြေအနေတစ်ခုမှာ ကစားသမားတစ်ဦးက အခြားကစားသမားတစ်ဦးကို ပြန်မထနိုင်အောင် အလဲထိုးလိုက်နိုင်သည့်အခြေအနေဖြစ်သည်။ ဘောလုံးပွဲတစ်ပွဲတွင် လှလှပပဂိုးသွင်းလိုက်ခြင်း၊ ဘေ့စ်ဘောပွဲတစ်ပွဲတွင် Home run (ကွင်းအပြင်ထိ ဘောလုံးရိုက်ထုတ်နိုင်မှု) လုပ်လိုက်ခြင်းတို့ကဲ့သို့ပင် ကိုယ်ခံပညာအားကစားတွင်လည်း အလဲထိုးခြင်းသည်လည် အနုပညာတစ်ရပ်ဖြစ်သည်။ ယင်းသို့အလဲထိုးမှုအနုပညာကို အကောင်းဆုံးဖော်ကျူးနိုင်ခဲ့ကြသည့် ONE Championship ကစားသမားအချို့အကြောင်း စုစည်းတင်ပြလိုက်ပါသည်။

၁။ အောင်လအန်ဆန် (၂၅-၁ဝ-၁၊ ၁၁ ပွဲ အလဲထိုး

“မြန်မာစပါးအုံး” အောင်လအန်ဆန်ကို အလဲထိုးအနိုင်ယူနိုင်မည့်သူမဟုတ်ဟု ယခင်ကယူဆမိကြပေလိမ့်မည်။ ၎င်း၏ နိုင်ပွဲ (၂၅) ပွဲအနက် (၁၂) ပွဲကို မြေပြင်ချုပ်ကွက်ဖြင့်အနိုင်ယူခဲ့ခြင်းဖြစ်ပြီး အချုပ်စွမ်းရည်ကောင်းလွန်းသဖြင့် မြန်မာစပါးအုံး ဆိုသည့် အမည်ရလာခြင်းဖြစ်သည်။ သို့သော် ONE Championship သို့ရောက်လာပြီးနောက်တွင် ၎င်း၏ အလဲထိုးစွမ်းရည်များ တိုးတက်လာခဲ့သည်။ လက်ရှိ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် နောက်ဆုံးလေးပွဲဆက်တိုက် အလဲထိုးအနိုင်ယူထားသည်။ ၎င်း၏ အကောင်းဆုံးအလဲထိုးပွဲမှာ ၂ဝ၁၈ ခုနှစ်က Ken Hasegawa နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲဖြစ်သည်။ ကစားသမားနှစ်ဦးစလုံး ပဉ္စမအချီထိအကြိတ်အနယ်ယှဉ်ပြိုင်ပြီးမှ အောင်လအန်ဆန်ကအလဲထိုးခဲ့ခြင်းဖြစ်သဖြင့် တစ်နှစ်တာအကောင်းဆုံးပွဲအဖြစ်ပင် သတ်မှတ်ခံခဲ့ရသည်။ ပြီးခဲ့သည့်မတ်လတွင် Hasegawa က မကျေပွဲပြန်လည် စိန်ခေါ်ထိုးသတ်ခဲ့သော်လည်း အောင်လအန်ဆန်ကပင် အလဲထိုးအနိုင်ယူခဲ့ပြန်သည်။ အောင်လအန်ဆန်သည် လာမည့် အောက်တိုဘာလအတွင်းတွင် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် Brandon Vera နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂။ Brandon Vera (၁၆-၇-၁၊ ၁၁ ပွဲ အလဲထိုး)

ONE Championship ၏ ဟဲဗီးဝိတ်ချန်ပီယံ Brandon “The Truth” Vera သည် ပြီးခဲ့သည့်နှစ်များအတွင်း ပုံမှန်ပွဲကစားခွင့် မရခဲ့ပေ။ သို့သော် ၎င်း၏ ငယ်စဉ်ကပွဲများကိုကြည့်ရှုခဲ့ဖူးသူများနှင့် ONE Championship ပရိသတ်များက Vera ကို ထိုးနှက်တိုက်ခိုက်မှုတွင် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လက်ခံထားကြသည်။ Vera သည် ONE Championship တွင် စုစုပေါင်း (၄) ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပွဲတိုင်းကို အလဲထိုးအနိုင်ယူခဲ့သည်။ ၎င်းသည် လာမည့်အောက်တိုဘာလတွင် ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်ပွဲထိုးသတ်မည်ဖြစ်သည်။ Vera ၏ အကောင်းဆုံးအလဲထိုးအနိုင်ပွဲကိုပြရလျှင် လွန်ခဲ့သည့် (၁၃) နှစ်က ဂန္ထဝင်ကစားသမားကြီး Frank Mir ကို အနိုင်ရခဲ့သည့်ပွဲဖြစ်သည်။

၃။ Xiong Jing Nan (၁၄-၁၊ ၁ဝ ပွဲ အလဲထိုး)

အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများထဲတွင် “The Panda” Xiong Jing Nan ကဲ့သို့ အဆုံးသတ်ကောင်းမွန်သည့်ကစားသမားကရှားပါးလွန်းသည်။ Xiong သည် ၎င်းရင်ဆိုင်ရသည့်ပြိုင်ဘက်တိုင်းနီးပါးကို အလဲထိုးခဲ့သူဖြစ်ပြီး အဆိုပါ ပြိုင်ဘက်များထဲတွင် ONE Championship ၏ အက်တမ်ဝိတ်တန်းချန်ပီယံ Angela Lee ပင်ပါဝင်ခဲ့သည်။ ယင်းပွဲတွင် Xiong သည် Lee ၏ တြိဂံချုပ်ကွက်ဖြင့် အရှုံးပေးရလုနီးပါးဖြစ်ခဲ့သော်လည်း ကြံ့ကြံ့ခံနိုင်ခဲ့ပြီး နောက်ဆုံးအချီတွင်မှ တစ်ပွဲလုံး တိုက်စစ်ကစားခဲ့ရ၍ သက်လုံကုန်သလောက်ဖြစ်နေသည့် Lee ကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ငါးမိနစ် ငါးချီဆက်တိုက်ကစားရသော်လည်း မောပန်းဟန်မပြသည့် Xiong သည် Lee ကို အားပါသောလက်သီးချက်များဖြင့် အလဲထိုးအနိုင်ယူခဲ့သည်။ ထို့ကြောင့် Xiong ကို ၎င်း၏ ဝိတ်တန်းတွင် ယှဉ်နိုင်သူမရှိသည့် အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ကြသည်။

၄။ Zebaztian Kadestam (၁၂-၄၊ ၁ဝ ပွဲ အလဲထိုး)

ONE Championship ၏ ဝယ်လ်တာဝိတ်တန်းချန်ပီယံ Zebaztian “The Bandit” Kadestam သည် ၎င်း၏ပြိုင်ဘက်များ ထံမှ ခံနိုင်ရည်များနှင့် အရှုံးမပေးလိုသည့်စိတ်ဓာတ်များ ပျောက်ဆုံးသွားစေရန် မညှာမတာလုယူတတ်သဖြင့် The Bandit (တောပုန်းဓားပြ) ဟူသည် ကြိုးဝိုင်းနာမည်ရထားခြင်းဖြစ်သည်။ ၎င်း၏ နောက်ဆုံးယှဉ်ပြိုင်ခဲ့သောခြောက်ပွဲစလုံး အလဲထိုး ရလဒ်များဖြင့်အနိုင်ရခဲ့ပြီး ယင်းပွဲများထဲတွင် ဝယ်လ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲလည်းပါဝင်သည်။ Kadestam သည် ၂ဝ၁၈ နိုဝင်ဘာကကျင်းပခဲ့သော ယင်းပွဲတွင် Tyler McGuire ကို ဒူးတိုက်ချက်ဖြင့်အလဲထိုးကာ ချန်ပီယံဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်မတ်လအတွင်းက ယင်းချန်ပီယံခါးပတ်ကာကွယ်ပွဲထိုးခဲ့ရပြီး Georgiy Kichigin ကို အလဲထိုး အနိုင်ယူခဲ့သည်။ ထို့ကြောင့် Kadestam သည် ဖြုတ်ချရခက်ခဲသည့် ချန်ပီယံဖြစ်လာသည်။

၅။ ဖိုးသော် (၈-၁၊ ၇ ပွဲ အလဲထိုး)

အသက် (၃ဝ) ကျော်မှ ကိုယ်ခံပညာလောကထဲသို့ရောက်လာခဲ့သူ “ဘူရှီဒို” ဖိုးသော်သည် ထင်မှတ်ထားသည်ထက် များစွာပိုမို အောင်မြင်သော ကစားသမားတစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း (၉) ပွဲသာကစားရသေးသော်လည်း ရှုံးပွဲတစ်ပွဲသာရှိခဲ့သည်။ ပို၍ထူးခြားသည်က နိုင်ပွဲ (၈) ပွဲအနက် (၇) ပွဲကို ပထမအချီအတွင်း အလဲထိုးအနိုင်ယူခဲ့သူဖြစ်သဖြင့် အလဲထိုးဘုရင်စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ ဖိုးသော်၏ အကောင်းဆုံးအလဲထိုးပွဲတစ်ပွဲမှာ ၂ဝ၁၈ ဖေဖော်ဝါရီကကစားခဲ့သည့် ကမ္ဘောဒီးယားကစားသမား Sor Sey နှင့်ပွဲဖြစ်သည်။ ယင်းပွဲတွင် ဖိုးသော်သည် ပွဲချိန် နှစ်မိနစ်မပြည့်မီတွင်ပင် Sor Sey ၏ မျက်နှာကို အားပါသည့်ခြေကန်ချက်ဖြင့် ထိမိအောင်ကန်နိုင်ခဲ့သောကြောင့် အလဲထိုးအနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဖိုးသော်သည် ONE Championship ဖယ်သာဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲအများဆုံး ကစားသမားလည်းဖြစ်သည်။

ONE Hero Series August ပြိုင်ပွဲကို လာမည့် သြဂုတ်လ (၂၆) ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ONE Championship ၏ ONE Super App ကို အခမဲ့ဒေါင်းလုပ်ပြုလုပ်၍ကြည့်ရှုနိုင်ပါသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top