ONE: Dawn of Valor ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၄ တွဲ

Zebaztian-Kadestam-IMGL0018-1200x800.jpg

ONE Championship ၏ ၁ဝ၁ ပွဲမြောက် ပြိုင်ပွဲကြီး ဖြစ်သော ONE: Dawn of Valor ပြိုင်ပွဲကြီးကို လာမည့် အောက်တိုဘာ ၂၅ တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပပြုလုပ် တော့မည် ဖြစ်သည်။ နိုင်ငံတကာ ထိပ်တန်း ကစားသမားများနှင့် အင်ဒိုနီးရှား နိုင်ငံမှ အိမ်ရှင် ကစားသမားကောင်းများ ပါဝင်ယှဉ်ပြိုင် ကြမည့် အဆိုပါ ပြိုင်ပွဲကြီးမှ ပရိသတ်များကို အဆွဲဆောင် နိုင်ဆုံး ဖြစ်လာမည့် တွဲဆိုင်း အချို့ကို ရွေးချယ်တင်ပြလိုက်ပါသည်။

(၁) Zebaztian Kadestam နှင့် Kiamrian Abbasov

ယခုပြိုင်ပွဲ၏ အဓိကပွဲဖြစ်သည့် ဝယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Zebaztian “The Bandit” Kadestam နှင့် စိန်ခေါ်သူ ကာဂျစ်စတန် နိုင်ငံသား Kiamrian “Brazen” Abbasov တို့၏ ပွဲက ပြိုင်ပွဲတစ်ခုလုံး၏ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး တွဲဆိုင်း ဖြစ်သည်။ Kadestam သည် ONE Championship သို့ ရောက်လာပြီးသည့် နောက်ပိုင်း ယခင် ချန်ပီယံဟောင်း Ben Askren ကို ရှုံးနိမ့်ခဲ့သည့် ပွဲမှ လွဲ၍ ကျန်ပွဲတိုင်း အနိုင်ရထားသူ ဖြစ်သည်။ အသက် ၂၉ နှစ်ရှိသူ Kadestam သည် Luis Santos နှင့် Agilan Thani တို့ ကဲ့သို့သော ကစားသမား ကောင်းများကို အနိုင်ယူခဲ့ပြီး ချန်ပီယံလုပွဲတွင် ကစားသမား ဘဝ တစ်လျှောက် လုံးဝ ရှုံးပွဲမရှိခဲ့သည့် Tyler Mcguire ကို အလဲထိုးခဲ့သည်။ ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲတွင်လည်း ၁၄ ပွဲဆက်တိုက် အနိုင်ရထားသည့် Georgiy “Knight” Kichigin ကို အနိုင်ရခဲ့သည်။

စိန်ခေါ်လာသူ Abbasov သည် ၎င်း၏ ONE Championship အဖွင့်ပွဲ နှစ်ပွဲတွင် Thani နှင့် Yushin Okami တို့ကို ဆက်တိုက် အနိုင်ရကာ စွမ်းရည်ပြခဲ့သူ ဖြစ်သည်။ အသက် ၂၆ နှစ်သာ ရှိသေးသူ Abbasov သည် ပွဲပေါင်း ၂၅ ပွဲအထိ ကစားထားပြီးသူ ဖြစ်သဖြင့် ပွဲအတွေ့အကြုံ မြင့်မားကာ ၂၁ ပွဲ အထိ အနိုင်ရထား သည်ကိုလည်း တွေ့ရသည်။ နောက်ဆုံး ကစားခဲ့သည့် ၁၄ ပွဲ တွင်လည်း ရှုံးပွဲ တစ်ပွဲသာ ရှိထားသည်။ ကစားသမား နှစ်ဦးစလုံးသည် မြေပြင်အချုပ်နှင့် ပတ်သက်၍ အရည်အချင်း ကောင်းရှိသူများ ဖြစ်သော်လည်း မတ်တပ်ရပ် တိုက်ခိုက်မှုကို အဓိက အားသန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ပွဲတွင် မြန်မာ ပရိသတ်များ အကြိုက် ပြိုင်ထိုး ဆိုင်ထိုးသည့် မြင်ကွင်းများ မြင်တွေ့ရဖွယ် ရှိနေသည်။

(၂) Regian Eersel နှင့် Nieky Holzken

ONE Championship ၏ အကောင်းဆုံး လိုက်ဝိတ်တန်း Kickboxing ကစားသမား နှစ်ဦး ၅ လအတွင်း ဒုတိယအကြိမ် ပြန်လည် ဆုံတွေ့သည့် ပွဲကလည်း ပရိသတ်များ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။ ယင်းပွဲမှာ ONE Championship Kickboxing လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Regian “The Immortal” Eersel နှင့် ကမ္ဘာ့ Kickboxing နယ်ပယ်တွင် နာမည်ကျော်ကြားသူ Nieky “The Natural” Holzken တို့၏ပွဲ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် မေလအတွင်းက ကမ္ဘာ့ချန်ပီယံ လုပွဲ ကစားခဲ့ကြပြီး ယင်းပွဲတွင် Eersel က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် Holzken က ၎င်း၏အရှုံးအတွက် မကျေပွဲအဖြစ် ပြန်လည် စိန်ခေါ်ကာ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
Eersel သည် လတ်တလောတွင် လိုက်ဝိတ်တန်း Kickboxing ကစားသမား များထဲ၌ ကမ္ဘာ့အဆင့် ၅ ဖြစ်ပြီး Holzken မှာ အဆင့် ၇ ဖြစ်သည်။ ကစားသမား နှစ်ဦးစလုံးသည် နည်းစနစ်ပိုင်း ကြေညက်ပြီး လုံလောက်သည့် အတွေ့အကြုံ ရှိကြသူများ ဖြစ်သည်။ အထူးသဖြင့် ပရော်ဖက်ရှင်နယ် ပွဲပေါင်း ၁ဝဝ ကျော် ကစားထားသည့် Holzken က ပိုမိုအတွေ့အကြုံ များသော်လည်း ၃၅ နှစ်ရှိပြီ ဖြစ်သည့် ၎င်း၏ အသက်အရွယ်ကြောင့် အကောင်းဆုံး လက်စွမ်း ရနိုင်ရန် အခက်အခဲ ရှိသည်။ အထူးသဖြင့် Eersel ၏ ဒူးတိုက်ချက် များက ပထမတစ်ကြိမ် တွေ့ဆုံမှုတွင် Holzken ကို ကောင်းစွာ ဒုက္ခပေးနိုင် ခဲ့သဖြင့် ယခုပွဲတွင် ယင်းအတွက် ပြင်ဆင်ထားရန် လိုအပ်သည်။ မည်သို့ပင် ဖြစ်စေ ပထမ တစ်ကြိမ် ဆုံတွေ့စဉ်က ကဲ့သို့ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာမည် ဆိုသည်မှာတော့ သံသယ ဖြစ်စရာ မရှိပေ။

(၃) Priscilla Hertati Lumban Gaol နှင့် Bozhena Antoniyar

ယခုပွဲတွင် တစ်ပွဲတည်းသော အမျိုးသမီး တွဲဆိုင်းဖြစ်သည့် မြန်မာ ကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာ နှင့် အိမ်ရှင် အင်ဒိုနီးရှားသူ Priscilla Hertati Lumban Gaol တို့၏ ပွဲကလည်း စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး တွဲဆိုင်းတစ်ခု ဖြစ်လာနိုင်သည်။ အိမ်ရှင် ပရိသတ် အားဖြင့် ပြိုင်ဘက်ကို ရင်ဆိုင်မည့် Lumban Gaol သည် ၎င်း၏ အိမ်ကွင်းတွင် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသူ ဖြစ်သည်။ အသက် ၃၁ နှစ်ရှိသူ Lumban Gaol သည် ဝူရှူး ကစားသမားဟောင်း ဖြစ်သည်နှင့် အညီ မတ်တပ်ရပ် တိုက်ခိုက်မှုတွင် ထူးချွန်သူ ဖြစ်ပြီး မြေပြင် အချုပ်တိုက်ကွက်များတွင်လည်း မညံ့ဘဲ တစ်ပွဲထက်တစ်ပွဲထက် ပိုမိုတိုးတက် လာနေသူ ဖြစ်သဖြင့် နောက်ဆုံး ၈ ပွဲတွင် ၆ ပွဲ အနိုင်ရထားသည်။

၎င်းနှင့် ရင်ဆိုင်ရမည့် အန်တိုနီယာမှာမူ Lumban Gaol ထက်ပင် တိုက်စစ် အားသန်သည့် ကစားသမား ဖြစ်ပြီး မတ်တပ်ရပ် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ဆုံးဖြတ်လျှင် ONE Championship ၏ အကောင်းဆုံး အမျိုးသမီး ကစားသမား များထဲမှ တစ်ဦးဖြစ်သည်။ အနောက်တိုင်း လက်ဝှေ့ အားကစားဖြင့် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ဖူးသူ အန်တိုနီယာသည် ၎င်း၏ အဖွင့်ပွဲကို ONE Championship အမျိုးသမီး ပွဲများထဲတွင် အမြန်ဆုံး အလဲထိုး စံချိန်ဖြင့် အနိုင်ရထားသူ ဖြစ်သည်။ ယင်းသို့ တိုက်စစ်မျိုးကို ပွဲချိန် ၁၅ မိနစ် လုံးလုံး မကျအောင် ထိန်းထားနိုင်သူ ဖြစ်ကြောင်း နောက်ဆုံး ကစားခဲ့သည့် Bi Nguyen နှင့် ပွဲတွင် သက်သေ ပြခဲ့ပြီး ဖြစ်သဖြင့် အကြိတ်အနယ် ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။

(၄) John Lineker နှင့် Muin Gafurov

ONE Championship သည် ယခုနှစ် နွေရာသီက ကစားသမား ဈေးကွက်တွင် အလှုပ်ခတ်ဆုံး ဖြစ်ခဲ့သည့် UFC ကစားသမားဟောင်း John “Hands Of Stone” Lineker ကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့သည်။ Lineker သည် ၎င်း၏ နာမည်ပြောင်နှင့် လိုက်ဖက်ညီအောင် အလဲထိုး လက်သီးမျိုး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ပြိုင်ဘက်များကို ပွဲသိမ်းနိုင်ရန် ရှိသမျှ စွမ်းအား အကုန် အသုံးချ တတ်သူ ဖြစ်သည်။ ဘရာဇီးသား Lineker သည် ပြိုင်ဘက်ကို ကြမ်းပြင်ပေါ် လဲကျသွားသည် အထိ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ၎င်း၏ အားပြင်းသည့် လက်သီးချက်များ ဆက်တိုက် ထိုးနှက်တတ်သူလည်း ဖြစ်သည်။ ပွဲစပွဲဆုံး မနားတမ်း တိုက်စစ်ဖြင့် ကစားတတ်သဖြင့် ၎င်း၏ပွဲများကို ပရိသတ်များ အကြိုက်တွေ့ကြသည်။
၎င်းနှင့်ရင်ဆိုင်ရမည့် Muin “Tajik” Gafurov သည်လည်း Lineker နှင့် ကစားပုံ ခပ်ဆင်ဆင် တူသူဖြစ်သဖြင့် ပြိုင်ထိုး ဆိုင်ထိုးနိုင်စွမ်း ရှိသည့် အကောင်းဆုံး ပြိုင်ဘက်ဖြစ်သည်။ အသက် ၂၃ နှစ်သာ ရှိသေးသည့် Gafurov သည် ပြိုင်ဘက်ကို ရှိန်မနေဘဲ ခပ်ကြမ်းကြမ်း အတင်းဝင် အတင်းတိုက် ကစားတတ်သူ ဖြစ်ကာ မာဂုဏ်လည်း မြင့်သူဖြစ်သည်။ Gafurov ၏ အားသာချက်မှာ လက်သီးစွမ်းရည် အပြင် အားပါပြီးတိကျသည့် ခြေကန်စွမ်းရည်လည်း ရှိသူဖြစ်သဖြင့် Lineker ကို ကောင်းစွာ ဒုက္ခပေးနိုင်စွမ်းရှိသူဖြစ်သည်။ ယင်းကစားသမား နှစ်ဦးပေါင်း အလဲထိုးပွဲ ၂၂ ပွဲ အထိရှိရာ ယခုပွဲတွင် မည်သူက နောက်ထပ် နိုင်ပွဲတစ်ပွဲ ထပ်မံ ရသွားမည် ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်သည်။

ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ONE: Dawn of Valor ပြိုင်ပွဲ၏ အစောပိုင်း တွဲဆိုင်းများကို ONE Championship Facebook Page၊ Twitter၊ YouTube နှင့် the ONE Super App တို့တွင် မြန်မာစံတော်ချိန် ညနေ ၄နာရီအချိန်၌ တိုက်ရိုက် ကြည့်ရှူ့နိုင်မည်ဖြစ်သည်။ Sky Net Sports 3 နှင် MNTV တို့ကမူ မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် အဓိကပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top