နာမည်ကြီးတရုတ်မင်းသမီးချောလေးတစ်ဦးဟာဆိုရင် မင်းသမီးကျောင်လီယင်ရဲ့အစားထိုးသရုပ်ဆောင်ဘဝကနေ နာမည်ကြီးခေါင်းဆောင်မင်းသမီးဖြစ်လာခဲ့တာပါ။ သူဟာ “တကယ့်လက်တွေ့ဘဝကစင်ဒရဲလား”လို့တောင် နာမည်ပြောင်ရခဲ့ပါတယ်။
သူကတော့ မင်းသမီးချောလေးလီယီထုံ (နာမည်အရင်း လီရွှေ့)ပါ။ လီယီထုံက Beijing Dance Academy ကနေ ရိုးရာအကမေဂျာနဲ့ ဘွဲ့ရရှိခဲ့တာပါ။ သူ ဘွဲ့ရပြီးတဲ့နောက် အကဖျော်ဖြေမှုတွေပါဝင်တဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဆိုင်နေရာရှာရင်းကနေ သူငယ်ချင်းဖြစ်သူကို ဗီဒီယိုအတိုရိုက်ကူးပေးရင်း ဖျော်ဖြေရေးလောကထဲ မမျှော်လင့်ဘဲ ရောက်သွားခဲ့ပါတယ်။
သူ့ရဲ့အသွင်အပြင်က နာမည်ကြီးမင်းသမီး ကျောင်လီယင်နဲ့ဆင်တဲ့အတွက် ဇာတ်ဝင်ခန်းတချို့မှာ မင်းသမီးလီယင်ရဲ့လူစားထိုးသရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျောက်လီယင်ဟာ အတော်လေးနာမည်ရနေတဲ့မင်းသမီးပါ။ ၂၀၁၃ ခုနှစ်ရဲ့ The Palace တရုတ်နန်းတွင်းဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ကူးတဲ့အချိန် မင်းသမီးရဲ့မျက်နှာကို ကင်မရာ မဖမ်းထားတဲ့ဇာတ်ဝင်ခန်းတချို့မှာ လီယင်ရဲ့လူစားထိုးသရုပ်ဆောင်အဖြစ် ယီထုံက Mask တပ်ပြီးတော့ လီယင်ရဲ့လှုပ်ရှားမှုတွေကို ထပ်ခါထပ်ခါ လုပ်ဆောင်ခဲ့ရပါတယ်။
နောက်တော့ ယီထုံက လူစားထိုးသရုပ်ဆောင်အဖြစ်မဟုတ်ဘဲ ဖျော်ဖြေရေးလောကမှာ ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထုတ်လုပ်သူ ယွီကျန့်က Demon Girl ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်သစ်ခေါ်ယူခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သရုပ်ဆောင်အသစ် ၃၀၀ ကျော်ထဲကမှ သင့်တော်တဲ့သူကို မရွေးချယ်ခင် ယီထုံရဲ့ဓာတ်ပုံကို မြင်ပြီး ချက်ချင်းပဲ ရွေးချယ်ခဲ့ပါတယ်။
ယီထုံက ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခွင့်ရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ The Legend of the Condor Heroes ဇာတ်လမ်းတွဲမှာ Huang Rong ဇာတ်ကောင်က သူ့ရဲ့အနုပညာလမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကြည့်ရှုသူတွေက ကိုယ်ပိုင်ဟန်နဲ့ပဲ သရုပ်ဆောင်ခဲ့တဲ့ ယီထုံရဲ့သရုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့ကြပါတယ်။
အဲ့ဒီလိုနဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး အခုဆို နာမည်ကြီးသရုပ်ဆောင်ဖြစ်နေပါပြီ။ ယီထုံ ပြောခဲ့ဖူးတာရှိပါတယ်။ “ကျွန်မကို တစ်စုံတစ်ယောက်နဲ့ တူတယ်လို့ လူတွေပြောမှာကို မကြောက်ပါဘူး။ ကျွန်မ အကြောက်ဆုံးက ဇာတ်ကောင်တစ်ခုချင်းစီကို ကောင်းကောင်းသရုပ်မဆောင်နိုင်မှာကိုပဲ”တဲ့။
လက်ရှိမှာတော့ ယီထုံက ဇာတ်လမ်းတွဲအသစ် The Noble မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်လမ်းတွဲအသစ်က ရိုက်ကွင်းဓာတ်ပုံတချို့ကို မြင်တွေ့ခဲ့ကြတဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက ယီထုံကို “သဘာဝအတိုင်းမွေးဖွားလာတဲ့ ရှေးဟောင်းအလှနတ်ဘုရားမ”လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။
Ref: ‘Real-life Cinderella’: China stuntwoman transitions from playing body double to stardom
WL (ရိုးရာလေး)

