ကလေးငယ်လေး အရမ်းငိုရတဲ့ အကြောင်းရင်းများ

little-boy-crying-while-sitting-on-grass-in-park-PYA3WDY.jpg

ကလေးငယ်တစ်ဦးရဲ့ ငိုသံကို လစ်လျူရှုထားဖို့ဆိုတာက လုံးဝမဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ သင့်ကလေးဟာ သင့်အပေါ်မှာ အပြည့်အဝ မှီခိုပါတယ်။ ငိုသံကို အလျင်အမြန် ရပ်တန့်နိုင်စေဖို့ သင်ဟာ ဘယ်လိုအရာကိုမဆို လုပ်ဆောင်ချင်မှာပါ။

ဒါပေမဲ့ ကလေးငယ်က သူဘာဖြစ်နေတယ်ဆိုတာကို ပြောမပြနိုင်တဲ့အတွက် ဒီငိုသံဟာ ဘာကြောင့်ငိုတယ်ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် မိဘဖြစ်ခါစ ဖေဖေ၊ မေမေတွေအတွက် ပိုခက်ခဲနိုင်ပါတယ်။

ဒါ့အပြင် ပုံမှန်ငိုနေတတ်တဲ့ ကလေးနဲ့ နေထိုင်ရခြင်းဟာလည်း ရေရှည်မှာ အလွန်အမင်း စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် မျက်ရည်တွေရဲ့ နောက်ကွယ်က ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို သိရှိသတိပြုမိဖို့က အလွန် အရေးကြီးလှပါတယ်။ အခြေအနေ အရပ်ရပ်ကို ပိုမိုကောင်းမွန်အောင် ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့နဲ့ မိဘဖြစ်ခြင်းကို အရင်ထက်ပိုပြီး ပျော်ရွှင်ခံစားနိုင်စေဖို့ ကလေးငယ် ငိုရခြင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အချက်လေးတွေကို ရေးသား ဖော်ပြလိုက်ပါတယ်။

ဆာလောင်ခြင်း

မိဘတွေ ဂရုစိုက်ရမယ့် ကလေးငယ်ရဲ့ အခြေခံ လိုအပ်ချက်တစ်ခုကတော့ ဆာလောင်ခြင်းပါပဲ။ ဗိုက်မပြည့်တဲ့အခါက ကလေးငယ်က ငိုပါလိမ့်မယ်။ တကယ်တော့ ဆာလောင်ခြင်းဟာ ကလေးငယ် ငိုတဲ့အခါ မိဘတွေ ထည့်စဉ်းစားသင့်တဲ့ ပထမဆုံး အကြောင်းရင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီလိုအဖြစ်များတာဟာ အစာမစားသေးတဲ့ မွေးကင်းစငယ်ရွယ်တဲ့ ကလေးငယ်တွေမှာပါ။

ကလေးငယ်လေးရဲ့ ဝမ်းဗိုက် သေးသေးလေးဟာ အစာတွေကို အချိန်အကြာကြီး ထိန်းမထားနိုင်ပါဘူး။ ဒါကြောင့် ကလေးငယ်လေးတွေဟာ မကြာမကြာ ဗိုက်ဆာတတ်ပါတယ်။ ဒီလိုအခါမှာ ကလေးကို အနီးကပ် သေချာဂရုစိုက်ကြည့်ကြည့်ပါ။ ကလေးငယ်က ခြေ/လက်ဆန့်ခြင်း၊ လူးလွန့်ခြင်း၊ တပြွတ်ပြွတ် အသံများ ပြုလုပ်ခြင်း၊ ပါးစပ်အား လှုပ်ရှားခြင်းများနဲ့ လက်ချောင်းများကို စုပ်ခြင်းများ ပြုလုပ်နေကြောင်း သင်သတိပြုမိလျှင် ဒါဟာ ဆာလောင်ခြင်းရဲ့ လက္ခဏာရပ်တွေလို့ မှတ်ယူလိုက်ပါ။ ဒီအခါမှ ကလေးငယ်ကို မိခင်နို့ချို သို့မဟုတ် ဖော်မြူလာနို့ တိုက်ကျွေးပါ။ အငိုရပ်သွားပါလိမ့်မယ်။

ဒိုင်ပါ (ကလေးသေးခံ) ညစ်ပတ်ခြင်း

အချို့ ကလေးငယ်တွေဟာ ညစ်ပတ် ပေစွန်းနေတဲ့ ဒိုင်ပါနဲ့ မနေတတ်ကြပါဘူး။ ဒီလို အဆင်မပြေဖြစ်တာကို ကလေးငယ်က ငိုယိုတာကတဆင့် ဆက်သွယ်ပြောကြား တတ်ကြပါတယ်။

စိုစွတ်နေတဲ့ဒိုင်ပါဟာ ကလေးငယ်ရဲ့ နူးညံ့ ပျော့ပျောင်းတဲ့ အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေတာကြောင့် ကလေးငယ်က ငိုတာ ဖြစ်ပါတယ်။ ဒီလိုငိုတာဟာ အိပ်နေချိန်မှာတောင်မှ ဖြစ်ပေါ်နိုင်ပါတယ်။ စိုစွတ်နေတဲ့ ဒိုင်ပါကို လဲပေးပြီးတာနဲ့ ကလေးငယ်ဟာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားပါလိမ့်မယ်။

ဒါကြောင့် သင့်ကလေးငယ်ဟာ အကြောင်းရင်းမရှိဘဲ ငိုကြွေးနေတယ်ဆိုရင် ဒိုင်ပါကို ကြည့်ရှုသင့်ပါတယ်။ ဒိုင်ပါကို ၂နာရီ ၃နာရီခြားတစ်ခါ ပုံမှန် လဲပေးတာက ဒိုင်ပါကြောင့် ဖြစ်ပေါ်တဲ့ အဖုအပိမ့်များထခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ဒိုင်ပါကြောင့် အဖုအပိမ့်၊ အနီကွက်ထခြင်း

ဒိုင်ပါဖုံးအုပ်ထားတဲ့ နေရာတွေဖစ်တဲ့ ပေါင်တံအပေါ်ပိုင်းနေရာ၊ တင်ပါးနေရာနဲ့ လိင်အင်္ဂါနေရာတွေမှာ အဖုအပိမ့် အနီကွက်တွေ ထခြင်းဟာ ကလေးငယ် ငိုယိုရခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒိုင်ပါ ဖုံးလွှမ်းထားတဲ့ နေရာက အသားအရေဟာ ရောင်ရမ်း စပ်ဖျဉ်းလာပြီး အချိန်မီ မပြုလုပ်ပေးနိုင်ရင် အရည်ကြည်ဖုလေးတွေတောင် ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်ရဲ့ ကိုယ်အောက်ပိုင်းနေရာတွေမှာ အနီရောင်ထတာ၊ ရောင်ရမ်းခြင်းတွေကို သတိပြုမိတဲ့အခါ ဒိုင်ပါကြောင့်ဖြစ်တဲ့ အဖုအပိမ့်လိမ်း ခရင်မ်ကို မကြာခဏ သုတ်လိမ်းပေးပါ။ ဆရာဝန်ဆီကလည်း အကြံဥာဏ် ရယူနိုင်ပါတယ်။

ဒီလို ဒိုင်ပါကြောင့်ဖြစ်တဲ့ အဖုအပိမ့်တွေ ဆက်မဖြစ်ရလေအောင် ဒိုင်ပါလဲတိုင်းမှာ အဆီးအတားအဖြစ် ခရင်မ်ကို အမြဲတမ်း အသုံးပြုပေးပါ။ ဖြစ်နိုင်ရင် ဒိုင်ပါမဝတ်ပေးဘဲ မကြာမကြာ ထားထားပေးပါ။

သွားပေါက်ခြင်း

ကလေးငယ်ဟာ အသက် ၆လကနေ ၈လအကြားရှိပြီး ရုတ်တရက် သည်းထန်းစွာ ငိုကြွေးတဲ့အခါ သွားပေါက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သွားပေါက်ခြင်းကြောင့် သက်တောင့်သက်သာ မဖြစ်စေဘဲ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီအခါမှာ လက်ကို သန့်စင်အောင် ဆေးကြောပြီး ကလေးငယ်ရဲ့ သွားဖုံးကို စမ်းကြည့်ပါ။ သွားဖုံးတွေက ရောင်ရမ်းနေပြီး ကလေးငယ်ဟာ တစ်စုံတစ်ခုကို ကိုက်ချင်စိတ်ဖြစ်ပေါ်နေရင် ဒါဟာ သွားပေါက်ခြင်းရဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။

နာကျင်မှုတွေ လျော့နည်းသက်သာစေဖို့ ရောင်ရမ်းနေတဲ့ သွားဖုံးလေးတွေကို မိဘများက အသာအယာ နှိပ်နယ်ပေးပါ။ သွားသစ်တစ်ချောင်း ပေါက်လာတာနဲ့ ကလေးငယ်ဟာ မူလအတိုင်း အခြေအနေကို ပြန်လည်ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

ပင်ပန်းလွန်းခြင်း

ကလေးငယ်လေးက အလွန်အမင်း ပင်ပန်းနေတဲ့အခါ ငိုတတ်ပါတယ်။ ပင်ပန်းမှုကြောင့် ကလေးငယ်ဟာ အိပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ဘာသာသူတို့ အိပ်မပျော်နိုင်တာကြောင့် ငိုကြွေးတာနဲ့ ဆက်သွယ်ပြောတတ်ပါတယ်။

ပင်ပန်းလွန်းတဲ့ ကလေးတွေဟာ အိပ်ပျော်ရခက်ခဲတတ်ပြီး ညည်းညူ အော်ငိုကြပါတယ်။ ကလေးငယ်ကို ပွေ့ပိုက်ပြီး လွှဲယမ်းသိပ်ခြင်း ဒါမှမဟုတ် ဆံပင်လေမှုတ်စက် သို့မဟုတ် ပန်ကာတို့မှ ဆူညံသံတွေကို အသုံးချခြင်းနဲ့လည်း ကလေးကို နှစ်သိမ့် ချော့မော့ပြီး အိပ်ပျော်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဝမ်းဗိုက်ပြဿနာ

လေထိုးလေအောင့်နာ ပြဿနာတွေကြောင့်လည်း ကလေးငယ်တွေက နာရီပေါင်းများစွာ သည်းထန်စွာ ငိုကြွေးနိုင်ပါတယ်။ ကလေးငယ်ဟာ အစာကျွေးပြီးတာနဲ့ ချက်ချင်း ငိုနေမယ်ဆိုရင်တော့ ဒါဟာ ဝမ်းဗိုက်ပြဿနာ လက္ခဏာ တစ်ရပ်လို့ ယူဆနိုင်ပါတယ်။ လေထိုး လေအောင့်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဝမ်းဗိုက်နံရံအတွင်းမှာ လေတွေ ပိတ်မိနေတာကြောင့် သက်တောင့်သက်သာမှုမရှိဘဲ နာကျင်နေရတာပါပဲ။

ကလေးငယ်ကို ရေနွေးနွေးနဲ့ ရေချိုးပေးလိုက်ရင် ကလေးငယ်ဟာ ဝမ်းဗိုက်က အဆင်မပြေမှုတွေကို မေ့လျော့သွားပြီး အိပ်ပျော်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် အဝတ်တစ်ခုကို ရေနွေးနွေးဆွတ်ပြီး ကလေးငယ်ရဲ့ ဝမ်းဗိုက်အပေါ် တင်ထားပေးရင်လည်း နာကျင်မှုကို သက်သာစေပြီး အငိုတိတ်စေပါတယ်။

တကယ်လို့ ကလေးငယ်က ဂတ်စ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ မကြာခဏဖြစ်တတ်တယ်ဆိုရင် ကလေးငယ်ကို ပက်လက် အနေအထားထားပါ။ ပြီးရင် ခြေထောက်တွေကို ဆုပ်ကိုင်ပြီး စက်ဘီးနင်းတဲ့ပုံစံနဲ့ ခြေထောက်တွေကို ငြင်ငြင်သာသာ လှုပ်ရှားပေးပါ။ ဒီလိုလေ့ကျင့်ခန်းကို တစ်ရက်မှာ ၂ကြိမ် သို့မဟုတ် ၃ကြိမ် ပြုလုပ်တဲ့အခါ ဂတ်စ်တွေကို ခြေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။

အာရုံစိုက်ခံလိုခြင်း

ကလေးငယ်တွေကို တစ်ယောက်တည်း မထားသင့်ပါဘူး။ သူတို့က လူအများနဲ့ နေထိုင်ရတာကို သဘောကျကြပါတယ်။ ကလေးအများစုဟာ လူအများအကြားမှာ နေချင်ကြပါတယ်။ ဒါကြောင့် ကလေးငယ်တွေဟာ အပွေ့ဖက်ခံချင်တဲ့အခါ ဒါမှမဟုတ် ဆော့ကစားချင်တဲ့ အခါမျိုးမှာ ငိုတတ်ကြပါတယ်။

အချို့ကလေးငယ်တွေက ပိုမို ထိရှလွယ်ပြီး ပွေ့ပိုက်မှုကို ပိုမိုလိုအပ်ကြပါတယ်။ သိပ်ပြီး အာရုံစိုက် ဂရုစိုက်မှု မရကြတဲ့အခါ ငိုကြပါတယ်။ ဒီလို ကလေးမျိုးတွေဟာ ထိတွေ့ခြင်း၊ စကားပြောပေးခြင်းနဲ့ ပွေ့ပိုက်ခြင်းစတဲ့ အာရုံပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခုခုကို ရရှိတော့မှ အငိုရပ်တတ်ကြပါတယ်။

အရိုးရှင်းဆုံးနည်းလမ်းကတော့ ကလေးငယ်ကို သင့်ရဲ့ရင်ဘတ်မှာ နီးနီးကပ်ကပ် ပွေ့ဖက်ထားခြင်းပါပဲ။ သင့် နှလုံးခုန်သံ မှန်မှန်လှုပ်ရှားမှုတွေ၊ သင့်ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်နဲ့ သင့်ရဲ့ ကိုယ်သင်းရနံ့ဟာ ကလေးငယ် လိုအပ်တဲ့အရာပါပဲ။

လေတက်ရန်လိုအပ်ခြင်း

ကလေးငယ်က အစာကျွေးပြီးတာနဲ့ ငိုနေမယ်ဆိုရင်တော့ လေထုတ်ပေးဖို့ လိုကောင်း လိုနိုင်ပါတယ်။ မိခင်နို့ရည် သောက်သုံးစဉ် သို့မဟုတ် နို့ဘူးစို့နေစဉ်မှာ ကလေးငယ်လေးဟာ လေကိုပါ မျိုချတတ်လေ့ရှိပါတယ်။ ဒီလို မျိုချထားတဲ့လေတွေကို လေတက်ပြီး မထုတ်ဘူးဆိုရင်တော့ ကလေးငယ်ကို မအီမသာ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အစာစားပြီးတာနဲ့ ကလေးငယ် လေတက်စေဖို့ ကလေးငယ်ရဲ့ ကျောပြင်ကို ပွတ်သပ်ပေးခြင်း သို့မဟုတ် ပုတ်ပေးခြင်းကို တစ်မိနစ်ခန့် ပြုလုပ်ပေးပါ။ ကလေးငယ် လေကို မျိုမချနိုင်စေဖို့အတွက် အစာကျွေးတာ၊ နို့တိုက်ကျွေးတာ စတဲ့အနေအထားတွေကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

အေးလွန်း ပူလွန်းခြင်း

ကလေးငယ်လေးဟာ ပူလွန်းခြင်း ဒါမှမဟုတ် အေးလွန်းခြင်းကို ခံစားရတဲ့အခါ ငိုကြွေးပြီးတော့ အသိပေးတတ်ကြပါတယ်။ မွေးကာစ ကလေးငယ်လေးတွေကို ထုပ်ပိုးပြီး နွေးနွေးထွေးထွေး ထားပါ။ ပူလွန်းအောင်တော့ မပြုလုပ်ပါနဲ့။ အေးလွန်းခြင်းဟာလည်း ကလေးငယ်ကို မအီမသာဖြစ်စေပါတယ်။

အိပ်နေတဲ့အချိန်မှာ ကလေးငယ် အရမ်း ပူအိုက်မနေရအောင် စောင်အပိုတွေ ခြုံမပေးပါနဲ့။ ကလေးငယ်အတွက် ပူလွန်းခြင်း အေးလွန်းခြင်း မဖြစ်ရအောင် ကလေးငယ်ရဲ့ ဝမ်းဗိုက်ကို သင့်လက်နဲ့ စမ်းကြည့်ပါ။ ဝမ်းဗိုက်ဟာ ပူနေရင် စောင်ခွာပေးလိုက်ပါ။ အေးနေရင်တော့ စောင်တစ်ထပ် ခြုံပေးလိုက်ပါ။

ကလေးငယ်ရှိတဲ့ အခန်းမှာ အပူချိန်ကို ၆၄ သို့မဟုတ် ၆၅ ဒီဂရီဖာရင်ဟိုက် (၁၈ဒီဂရီဆဲစီးယပ်စ်) အမြဲတမ်း ထားထားပေးပါ။

ဖျားနာခြင်း

ကလေးငယ်လေးတွေဟာ အဖျားရှိတဲ့အခါမှာလည်း အများအားဖြင့် သည်းထန်စွာ ငိုတတ်ကြပါတယ်။ ကလေးငယ်လေးဟာ နေမကောင်းဖြစ်နေကြောင်းကို ပါးစပ်ကနေ ထုတ်ဖော် မပြောနိုင်တာကြောင့် ငိုယိုခြင်းကနေ ဆက်သွယ်ပြောဆိုတာ ဖြစ်ပါတယ်။

ကလေးငယ် နေမကောင်းတဲ့အခါ သူ့ရဲ့ငိုသံဟာ ခါတိုင်း သင်ကြားဖူးနေကျ ငိုသံမျိုးနဲ့ မတူညီနိုင်ပါဘူး။ ငိုသံဟာ ခါတိုင်းထက် ပိုတိုးညင်းကောင်း တိုးနိုင်မယ်။ အဆက်မပြတ်လည်း ဖြစ်ချင်ဖြစ်မယ်။ အသံအမြင့်ဆုံးဆွဲပြီး ရှိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဖျားနာခြင်း ဆိုရာမှာမှာ နှာပိတ်ခြင်း၊ နှာစေးခြင်း၊ အဖျားမကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကလေးငယ်ကို လုံး၀ ဆေးမတိုက်ပါနဲ့။

ကလေးငယ်ငိုရခြင်းရဲ့ အခြားသော အကြောင်းရင်းများ

• တစ်ခါတလေ ကလေးငယ်လေးတွေ ငိုရတဲ့အကြောင်းရင်းကို ရှာဖွေရခက်တတ်ပါတယ်။ ဥပမာ- ခြေမလေး သို့မဟုတ် လက်ချောင်းလေးများမှာ ဆံခြည်မျှင်လေး တင်းကြပ်စွာ ရစ်ပတ်မိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
• အချို့ ထိရှလွယ်တဲ့ ကလေးများကျပြန်တော့လည်း အဝတ်အစား တံဆိပ် ကတ်ပြားတွေ ဒါမှမဟုတ် ချည်စတွေကနေ ခြစ်မိရာကြောင့်လည်း ငိုကြွေးတတ်ပါတယ်။
• အိမ်ကို ဧည့်သည်တွေ လာရောက်ပြီး ပွေ့ဖက်ခံရမှု များနေတာကြောင့်လည်း သက်တောင့်သက်သာမှု မဖြစ်လို့ ငိုကြွေးတတ်ပါတယ်။

Ref: Knowledge: 10 Reasons Why Your Baby is Crying a Lot

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top