အသက် ၂၈ နှစ်အရွယ်​မှာ အထက်တန်းအောင်မြင်အောင်ကြိုးစားခဲ့တဲ့ ကလေး (၆) ယောက်မိခင်

3-9-2021-yyl7.jpg

ကလေး (၆) ယောက်ရဲ့မိခင်ဖြစ်တဲ့ ဒါဖာနီ ပါရယ်တာ ( Dafani Peralta) ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ကိုယ်ဝန်ဆောင်ခဲ့ရပြီး ပညာရေးကို ဆက်လက်လေ့လာဖို့ မိခင်ရဲ့ပံ့ပိုးမှုလည်း မရခဲ့တာကြောင့် အထက်တန်းကျောင်းဆက်မတက်တော့ဘဲ ထွက်ခဲ့ရပါတယ်။ဒါဖာနီ ကိုယ်ဝန်ရသွားလို့ သူ့မိခင်က စိတ်ဆိုးသွားခဲ့ပါတယ်။ အဲဒါကြောင့် သူ့မိခင်က သူ့ရဲ့ပညာရေးနဲ့ပတ်သက်ပြီး လျစ်လျူရှု ခဲ့တာပါ။ ဒါဖာနီ သူ့ရဲ့သမီးလေး ဗီအာနေယာ (Viarnneyra) ကို မွေးတော့ အသက် ၁၅ နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့သမီးလေးကို ဂရုစိုက်စောင့်ရှောက်နေရတဲ့အတွက် အလုပ်ရှာဖို့လည်း ခက်ခဲခဲ့တယ်။ အဲဒီအချိန်တုန်းက ကျောင်းပြန်တက်ဖို့လည်း မတွေးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူ့သမီးလေး အရွယ်ရောက်လာတော့ အိမ်မှာပဲ သမီးလေးရဲ့ပညာရေးကိုအကူအညီပေးနိုင်ဖို့အတွက် ကျောင်းပြန်တက်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗီအာနေယာလေး မူကြိုရောက်တဲ့အချိန်မှာ ဒါဖာနီဟာ အထက်တန်းကျောင်းကနေ ဘွဲ့ရအောင် လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လက်ရှိခင်ပွန်းနဲ့ (၁) နှစ်သားအရွယ်သားလေးလည်းရှိနေခဲ့တယ်။ သားလေးကို ဂရုစိုက်ရင်း ကျောင်းပြန်တက်ဖြစ်ခဲ့ပေမဲ့ တတိယကိုယ်ဝန်လွယ်ထားရတာအပါအဝင် အခက်အခဲအတားအဆီးတွေရင်ဆိုင်ခဲ့ရပြန်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်လို့ သူ့သမီးလေးကိုလည်း လမ်းလျှောက်ပြီး ကျောင်းပို့ပေးရတယ်။ တတိယကလေးကို မွေးဖွားပြီးတဲ့နောက်မှာ ကျောင်းပြန်တက်ဖို့ လုပ်ခဲ့ပေမဲ့ ကလေးကိုဂရုစိုက်ပေးမယ့်သူမရှိ၊ ဒုတိယကလေးကို ကျောင်းလိုက်ပို့တဲ့အချိန်ဆို အမျိုးအိမ်မှာ မွေးကင်းစလေးကို ထားခဲ့ရတယ်။

သူ့ရဲ့ကလေးတွေ အရွယ်ရောက်လာတဲ့အချိန် ကျောင်းပြန်တက်ဖို့ ကြိုးစားခဲ့ပေမဲ့ အခက်အခဲအတားအဆီးတွေက တစ်ခုမဟုတ်တစ်ခုပေါ်လာပြန်ပါတယ်။ သူ့ရဲ့သားတွေထဲက တစ်ယောက်က အော်တစ်ဇင်ဖြစ်နေခဲ့ပြန်ပါတယ်။ ဒါဖာနီက အခြေအနေအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ဖို့ ပညာရေးကို စွန့်လွှတ်ခဲ့ရတယ်။ အဲဒီလိုနဲ့ ကလေး (၆) ယောက်မိခင်ဖြစ်ခဲ့တယ်။ ဒါဖာနီက သူ့ကလေးတွေကို အရမ်းချစ်ပြီး အိမ်မှာ ကလေးတွေနဲ့ အတူရှိနေရတာကို ပျော်ရွှင်နေတာပါ။ ဒါပေမဲ့ ပညာရေးကို ဆက်ပြီးသင်ယူချင်ခဲ့တယ်။

အလုပ်တစ်ခုရတဲ့အချိန်တိုင်း အထက်တန်းအောင်လက်မှတ်ကို အမြဲတောင်းကြတယ်။ ဒါပေမဲ့ သူ့မှာ မရှိခဲ့ဘူး။ စာတွေနားမလည်လို့ ကလေးတွေကိုလည်း အိမ်စာကူလုပ်မပေးနိုင်ခဲ့ဘူး။ သူ့အတွက် ဒါက တကယ့်ကို စိတ်ပျက်သွားစေခဲ့တယ်။ အခုနှစ်နွေရာသီမှာတော့ သူ့ကလေးတွေက အသက် ၁၂ နှစ်၊ အသက် ၁၀ နှစ်၊ အသက် ၈ နှစ်၊ အသက် ၇ နှစ်၊ အသက် ၅ နှစ် နဲ့ အသက် ၄ နှစ်အရွယ်တွေဖြစ်နေပြီဖြစ်တဲ့အတွက် အထက်တန်းအောင်ဖို့လုပ်တော့မယ်လို့ ဒါဖာနီဆုံးဖြတ်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေတာကြောင့် အခုအချိန်က စာလေ့လာဖို့ အချိန်ဆိုတာ နားလည်ပြီး အိမ်မှာပဲ သင်ခန်းစာတွေကို လေ့လာသင်ယူတယ်။ အိမ်မှာ စာလေ့လာရင်းနဲ့ ကလေးတွေကိုလည်း ဂရုစိုက်နိုင်ခဲ့တယ်။ ကလေးတွေကိုလည်း စိတ်ပူစရာမလိုခဲ့ဘူး။ သူ့ရဲ့ယောင်းမကလည်း အိမ်မှာ လာနေပေးပြီး ဒါဖာနီ စာသင်ယူနေတဲ့အချိန်၊ သူ့ခင်ပွန်း အလုပ်လုပ်နေတဲ့အချိန် ကလေးတွေကို ကြည့်ပေးခဲ့တယ်။

အခုနှစ် နွေရာသီမှာ တစ်လကျော်ကာလအတွင်း ဒါဖာနီက Paterson Adult & Continuing Education (P.A.C.E.) က Spanish High School Equivalency ပရိုဂရမ်ကနေတဆင့် အွန်လိုင်းအတန်းတွေ တက်ရောက်ခဲ့တယ်။ ပုံမှန်ဆို (၃) လတက်ရတဲ့ အတန်းကို ဒါဖာနီကို (၁) လတည်းအပြီး တက်စေခဲ့တယ်။ ဒါဖာနီရဲ့ဆရာ၊ဆရာမတွေက ပညာရေးနဲ့ပတ်သက်ပြီး သူစိတ်ပိုင်းဖြတ်ထားတာကို သတိပြုမိခဲ့သလို သူ့ရဲ့ရည်မှန်းချက်က ဘွဲ့ရဖို့ဆိုတာ သိခဲ့တယ်။ သူတို့ပေးသမျှသင်ခန်းစာတွေကိုလည်း ဒါဖာနီက အားစိုက်ထုတ်ပြီး လေ့လာခဲ့တယ်။

ဇူလိုင်လမှာတော့ ဒါဖာနီက ပုံမှန်အတန်း အယောက် ၂၀ မှာ အထက်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသူကျောင်းသား (၉) ယောက်ထဲမှာ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ နယူးဂျာဇီပညာရေးဌာနကနေ အထက်တန်းအောင်လက်မှတ်ကို ရရှိသွားခဲ့ပါတယ်။ ဒါဖာနီ တက်ရောက်ခဲ့တဲ့ ပရိုဂရမ်က အရမ်းခက်ခဲတယ်။ အောင်ဖို့လည်း မလွယ်ဘူးလို့ သိရပါတယ်။

ဒါဖာနီအတွက် အထက်တန်းအောင်လက်မှတ်ကို ရရှိတာက သူ့ဘဝရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက သူ့ကလေးတွေအတွက် စံပြဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုလည်း ဖြည့်ဆည်းပေးရာရောက်ပါတယ်။ အခုဆိုရင် ဒါဖာနီက အထက်တန်းအောင်လက်မှတ်လည်း ရှိသွားပြီး အွန်လိုင်းကောလိပ်အတန်းတွေကို တက်ဖို့ လုပ်နေပါတယ်။ သူ့ခင်ပွန်းကလည်း ဒါဖာနီ အထက်တန်းအောင်မြင်ခဲ့တဲ့ P.A.C.E မှာပဲ အထက်တန်းအောင်မြင်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။

Ref: ABCNews “Mom of 6 overcomes obstacles to earn her high school diploma at age 28”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top