ကျောက်မဲမြို့က ပြည်သူ (၂၀၀၀) ကျော် တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ကုလသမဂ္ဂပြော

3-9-2021-yyl2.jpg

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်းပူးပေါင်းတပ်တို့ကြားက တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရှမ်းပြည်နယ် ကျောက်မဲမြို့က ပြည်သူ (၂,၀၀၀) ကျော် တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးက သိရပါတယ်။

သြဂုတ်လ (၁၁) ကနေ (၁၉)ရက်နေ့အထိ နှစ်ဖက်ကြားအပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က ပြည်သူတွေ အခုလိုနေရပ်စွန့်ခွာတိမ်းရှောင်နေရတာဖြစ်တယ်လို့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဩဂုတ်လအတွင်းက သီပေါ၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူ အများအပြားရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်က ပြည်သူ (၂၆,၃၀၀) ဝန်းကျင်ဟာ ၂၀၂၁ ခုနှစ် အစပိုင်းကစတင်ပြီး မြို့နယ် (၁၅) ခုအတွင်း နေရပ်ရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်လို့သူကပြောပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ကြား (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေက နေအိမ်စွန့်ခွာထွက်ပြေးလာရခြင်း၊ လုံခြုံရေးအခြေအနေတိုးတက်လာတဲ့အခါ မူလနေရာကို ပြန်လာခြင်းတွေကိုလည်း တွေ့ရတယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးအစီရင်ခံစာအရ သိရပါတယ်။

စစ်ရှောင်အများအပြားဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း မူလနေထိုင်ရာနေရာတွေကို ပြန်သွားနိုင်ပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူ (၆,၄၁၀) ဝန်းကျင်က ယာယီစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

Photo-Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top