အိန္ဒိယကာကွယ်ရေးဦးစီးချုပ်နဲ့ မိသားစု လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျ၊ လူငါးဦး သေဆုံး

9.12.2021yyl5.jpg

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဘီပင်ရာဝက်နဲ့ မိသားစု လိုက်ပါလာတဲ့ အိန္ဒိယစစ်တပ်ရဟတ်ယာဉ်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ ပျက်ကျခဲ့ပါတယ်။

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဘီပင်ရာဝက် လိုက်ပါလာတဲ့ Mi-17V5 ရဟတ်ယာဉ်ဟာ ကူနောမြို့အနီးမှာ ပျက်ကျခဲ့တာပါ။ ဗိုလ်ချုပ် ဘီပင်ရာဝက်နဲ့ မိသားစုတွေ ဘေးကင်းသလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။ သတင်းတွေအရတော့ အဲဒီရဟတ်ယာဉ်ပေါ်မှာ လူ ၁၄ ဦး လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ လူ ၅ ယောက် သေဆုံးခဲ့ပြီး နောက် ၂ ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ပြည်နယ်အစိုးရဝန်ကြီးတစ်ဦးက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပြီး လောင်ကျွမ်းဒဏ်ရာ ဆိုးဆိုးရွားရွား ခံစားရသူတွေအပါအဝင် ဒဏ်ရာရသူတွေကို ဆေးရုံ တင်ပို့ခဲ့တယ်လို့ တမီလ်နာဒူ သစ်တောရေးရာ ဝန်ကြီး ရာမာချန်ဒရန်က ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာ နေရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ရဟတ်ယာဉ်အပျက်အစီးကနေ မီးခိုးတွေ အူထွက်နေပြီး ဒေသခံတွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဝယ်လင်တန်မြို့ကို ဦးတည်ပျံသန်းမယ့် အဲဒီရဟတ်ယာဉ်ဟာ ဆူလာမြို့ စစ်တပ်အခြေစိုက်စခန်းကနေ ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့တာပါ။ ရဟတ်ယာဉ်ပေါ်မှာ ဗိုလ်ချုပ် ဘီပင်ရာဝက်ရဲ့ဇနီးလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ အိန္ဒိယလေတပ်က ပြောပါတယ်။

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ဘီပင်ရာဝက်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းမ်က အခြေအနေကို စောင့်ကြည့်နေပြီး ထိပ်တန်းအရာရှိတွေနဲ့ အစည်းအဝေးလုပ်ခဲ့တယ်လို့ ANI သတင်းဌာနက ဖော်ပြပါတယ်။

Mi-17V5 ရဟတ်ယာဉ်ဟာ အဆင့်အမြင့်ဆုံး စစ်တပ်ပို့ဆောင်ရေးရဟတ်ယာဉ်တွေစာရင်းမှာ ပါဝင်ပါတယ်။ အိန္ဒိယစစ်တပ် ရဟတ်ယာဉ်ပျက်ကျမှု အများအပြား ဖြစ်ပွားခဲ့တာဟာ အိုမင်းနေတဲ့ ရဟတ်ယာဉ်တွေကြောင့်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှာ စစ်တပ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့လို့ တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့ပါတယ်။

Ref: BBC “Bipin Rawat: India’s top general in helicopter crash”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top