အန်ဂျလာမာကယ်မပါဘဲ ခရီးဆက်ရတော့မယ့် ဂျာမနီ

9.12.2021yyl1.jpg

ဂျာမနီအဓိပတိ အန်ဂျလာမာကယ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍက ဒီကနေ့ တစ်ခန်းရပ်သွားပါပြီ။ မာကယ်က ဂျာမနီရဲ့အဓိပတိအဖြစ် ၁၆ နှစ်ကြာ တာဝန်ယူခဲ့တယ်။ မျက်မှောက်ခေတ်ကာလမှာ ဂျာမနီကို ဥရောပရဲ့ ဦးဆောင် နိုင်ငံတစ်နိုင်ငံဖြစ်လာစေခဲ့တယ်။ ဒါကြောင့်လည်း ဂျာမနီမှာ မာကယ်က အထင်ရှားဆုံးနိုင်ငံရေးသမားပဲ။ အဓိပတိရာထူးအတွက် ဆက်မပြိုင်မှာ မဟုတ်တော့ဘူးဆိုတာ ၂၀၁၈ ခုနှစ်ကတည်းက သူ ယတိပြတ် ကြေညာခဲ့ပြီးသားပါ။

ဒီနေ့ လွှတ်တော်မှာ လွှတ်တော်အမတ်အားလုံး အန်ဂျလာမာကယ်ကို တစ်မိနစ်ကြာ မတ်တတ်ရပ် ဂုဏ်ပြုခဲ့ကြတယ်။ အဓိပတိရာထူးကို စွန့်လွှတ်လိုက်တဲ့ မာကယ်ကတော့ ဧည့်သည်တော်ထိုင်ခုံမှာပဲ ထိုင်ခဲ့ပြီး အိုလက်ဖ်ရှော့ဇ်ကို အဓိပတိအဖြစ် အတည်ပြုလိုက်ချိန် မှတ်စုစာအုပ်မှာ စာရေးနေတာ တွေ့ရပါတယ်။

သူ့နေရာကို အစားထိုး ဝင်ရောက်လာတဲ့သူက ဆိုရှယ်ဒီမိုကရက်ပါတီဝင် (Social Democrat) အိုလက်ဖ်ရှော့ဇ်ပါ။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တော့ ထောက်ခံမဲ ၃၉၅၊ ကန့်ကွက်မဲ ၃၀၃ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဂျာမနီသမ္မတ ဖရန့်ဝေါ်တာစတိန်းမားက အတည်ပြုခန့်အပ်ခဲ့တယ်။ ဒီနေ့ မွန်းလွှဲပိုင်းမှာတော့ အိုလက်ဗ်ရှော့ဇ်ဟာ စစ်ပြီးခေတ်နောက်ပိုင်း ဂျာမနီရဲ့ ၉ ယောက်မြောက် အဓိပတိအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အန်ဂျလာမာကယ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော် ကာလအတွင်း ဂျာမနီနဲ့ ဥရောပကို အကျပ်အတည်းတွေ ကျော်လွှားနိုင်အောင် ဦးဆောင်ပေးခဲ့သူပါ။ အခုချိန်မှာတော့ ဂျာမနီဟာ ၁၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အဓိပတိသစ် ဦးဆောင်တဲ့ ဗဟိုလက်ဝဲယိမ်းအစိုးရရဲ့ ဦးဆောင်မှုအောက် ရောက်ခဲ့ပါပြီ။ ရှေ့မှာ ဦးဆောင်မှု၊ စွမ်းဆောင်မှု ပြခဲ့တဲ့ မာကယ်ကြောင့် အိုလက်ဗ်ရှော့ဇ်ကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ပြည့်ဝအောင် ဆောင်ရွက်ပေးဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာပါ။

အိုလက်ဗ်ရှော့ဇ်ရဲ့ အဓိပတိဘဝ ခရီးလမ်းအတွက် အခက်အခဲတွေက စောင့်ကြိုနေပါပြီ။ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရုရှား- ယူကရိန်းနယ်စပ်မှာ စစ်ရေးတင်းမာမှုအခြေအနေတွေက ချက်ချင်းကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ကိစ္စတွေပါ။ ပြီးတော့ ဗြိတိန်နိုင်ငံ နုတ်ထွက်သွားတဲ့ ဥရောပသမဂ္ဂကိုလည်း ဝါးအစည်းပြေသလို မဖြစ်အောင် လုပ်ရမှာဖြစ်ပြီး အမေရိကန်နိုင်ငံနဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မြဲဖို့လည်း ကြိုးစားရမှာပါ။

Ref: New York Times “Scholz Is Sworn In as Chancellor, Ending Merkel Era”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top