ထီပေါက်လို့ ဒုက္ခရောက်ခဲ့ရတဲ့ မက္ကဆီကိုကလေးထိန်းကျောင်း

24-11-2021yyl1.jpg

ထီသန်းဆုပေါက်တယ်ဆိုတာ ပျော်ရွှင်စရာဖြစ်ပေမဲ့ မက္ကဆီကိုနိုင်ငံ ကလေးထိန်းကျောင်းကတော့ ထီပေါက်လို့ ဒုက္ခရောက်ခဲ့ရပါတယ်။ မက္ကဆီကိုနိုင်ငံတောင်ပိုင်း အိုကိုဆင်ဂိုရွာငယ်လေးမှာရှိတဲ့ ကလေးထိန်းကျောင်းဟာ ပီဆို သန်း ၂၀ ( အမေရိကန်ဒေါ်လာ ၉၅၀,၀၀၀) တန် ထီဆုကြီး ပေါက်ခဲ့တာပါ။ ကလေးထိန်းကျောင်းအတွက် ရရှိလာတဲ့ ထီဆုကြေးတွေကို ကလေးမိဘတွေက စီမံခန့်ခွဲရတာ ဖြစ်ပါတယ်။ သူတို့က ထီဆုကြေးတွေ ရပြီးချိန်မှာ အရင်ဆုံးအနေနဲ့ ကလေးထိန်းကျောင်းရဲ့ အမိုးတွေကို အသစ်လဲလှယ်တပ်ဆင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထီပေါက်သူတွေကို သတင်းစာကတစ်ဆင့် ကြော်ငြာလိုက်ချိန်မှာ ကလေးထိန်းကျောင်း ထီပေါက်တာ သိသွားတဲ့ လက်နက်ကိုင်ဂိုဏ်းက ငွေညှစ်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာပါ။ ပြိုင်ဘက်ဂိုဏ်းကို တိုက်ခိုက်ဖို့ လက်နက်ဝယ်ရအောင် သူတို့ကို ငွေပေးပါလို့ လက်နက်ကိုင်ဂိုဏ်းက ကလေးထိန်းကျောင်းကို ခြိမ်းခြောက်ခဲ့တာပါ။

မက္ကဆီကိုနိုင်ငံမှာ ကျန်းမာရေးအထောက်အကူပစ္စည်းတွေ ဝယ်ယူဖို့ ရန်ပုံငွေ တိုးမြှင့်ရရှိအောင် ရည်ရွယ်ပြီး မက္ကဆီကိုအစိုးရက ထီဖွင့်လှစ်ရောင်းချခဲ့တာပါ။ အစောပိုင်းမှာ မက္ကဆီကိုသမ္မတ အိုဘရာဒေါက သူ့လေယာဉ်ကို ထီဆုကြေးအဖြစ် ပေးမယ်လို့ ဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီအစီအစဉ်က မသင့်တော်လို့ ဆုကြေးငွေသာ ပြောင်းလဲ ပေးအပ်ခဲ့တာပါ။

ပီဆို ၅၀၀ ( အမေရိကန်ဒေါ်လာ ၂၃ ဒေါ်လာ)တန် ထီလက်မှတ်အစောင်ရေ ၆ သန်း ရောင်းချခဲ့ရာမှာ အမည်မဖော်လိုသူတစ်ယောက်က ထီလက်မှတ်တွေ ဝယ်ယူပြီး နိုင်ငံတစ်ဝန်းက ဆင်းရဲနွမ်းပါးတဲ့ကျောင်းတွေ၊ ကလေးထိန်းကျောင်းတွေကို ထီလက်မှတ်လှူခဲ့တာပါ။ အဲဒီလှူဒါန်းမှုကနေ အိုကိုဆင်ဂိုရွာ ကလေးထိန်းကျောင်းက ပီဆိုသန်း ၂၀ တန်ကြေးရှိတဲ့ ထီဆုကြီး ပေါက်ခဲ့တာပါ။

ထီပေါက်တဲ့ သတင်းပျံ့နှံ့သွားချိန်မှာ Los Petules လက်နက်ကိုင်ဂိုဏ်းက ငွေပေးဖို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမဲ့ ကလေးမိဘတွေကလည်း ငွေမပေးခဲ့ပါဘူး။ ထီဆုကြေး လက်ကျန်ငွေ ပီဆို ၁၄ သန်းကို ကျေးရွာတိုးတက်ရေး ကိစ္စတွေမှာ အသုံးပြုလိုက်ပြီးနောက်မှာတော့ လက်နက်ကိုင်ဂိုဏ်းရဲ့ ခြိမ်းခြောက်မှု ပိုဆိုးလာပြီး ပြီးခဲ့တဲ့မတ်လမှာ ကလေးဖခင်တစ်ယောက် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့လမှာတော့ လက်နက်ကိုင်ဂိုဏ်းက ရွာထဲမှာရှိတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို တိုက်ခိုက်ခဲ့ကြလို့ မိသားစု ၂၈ စုဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ရွာထဲမှာရှိတဲ့ မိသားစုတွေဟာ ကျွဲနွားတွေ၊ ရေခဲသေတ္တာတွေ၊ ကောက်ပဲသီးနှံတွေ၊ ကြက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ဒေသခံအာဏာပိုင်တွေကို အကြောင်းကြားထားပေမဲ့ လက်နက်ကိုင်ဂိုဏ်းကို မဖြိုခွဲနိုင်ရင် ထွက်ပြေးသွားသူတွေလည်း ရွာပြန်လာရဲမှာ မဟုတ်ဘူးလို့ ကလေးမိဘအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ဆိုပါတယ်။

Ref: BBC “Mexican nursery’s lottery win turns into nightmare”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top