ကလေးတွေကို ဘယ်လိုကြီးထွားစေမလဲ

1-parents.jpg

ကလေးတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု မရှိဘဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်နေဖို့ လိုပါတယ်။ လက်ရှိမှာ အခြေအနေအရပ်ရပ်ကြောင့် မိဘတွေကိုယ်တိုင် စိတ်ဖိစီးမှု ခံစားနေကြရတာမို့ ကလေးအပေါ် ပြုစုစောင့်ရှောက်မှုတွေ လစ်ဟင်းလာနိုင်သလို ဘေးပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ စိုးရိမ်ထိတ်လန့်ဖွယ်ရာတွေကလည်း ကလေးတွေရဲ့ ကိုယ်စိတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားတစ်ခု ဖြစ်နိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပြောဆိုဆက်ဆံမှုဟာ ကလေးတွေကို စိတ်ဖိစီးမှု ကင်းဝေးပြီး ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ ကာကွယ်ပေးထားမှာပါ။

ဘယ်လိုပြောဆို ဆက်သွယ်မလဲ

  • စိတ်ရှုပ်ထွေးမှု၊ မအားလပ်မှုတွေကြောင့် ကလေးနဲ့ ပြောဆိုဆက်သွယ်မှု နည်းပါးလာတတ်တာကို မိဘတွေ သတိပြုဖို့ လိုပါတယ်။
  • အခုလို အခက်အခဲတွေ များနေတဲ့ ကာလမျိုးမှာ မိဘတွေအနေနဲ့ စိတ်ထိခိုက်မှု၊ စိုးရိမ်ပူပန်မှုတွေ ခံစားနေကြရပါတယ်။ အရင်တုန်းက သာသာယာယာရှိတဲ့ အိမ်ထောင်တွေမှာတောင် ကတောက်ကဆ ဖြစ်လာတတ်ပါတယ်။ မိသားစု ပြောဆိုဆက်ဆံရာမှာလည်း ဒေါသနဲ့ ပြောဆိုမှုတွေ ရှိလာတတ်ပါတယ်။
  • ဒီလိုအချိန်မျိုးမှာ မိဘတွေအနေနဲ့ ဒေါသအလျောက် ပြုမိတတ်တဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်စိတ်လှုပ်ရှားမှုကို ခံစားပါ၊ ပြီးရင်တော့ ထိန်းချုပ်ပါ။ တစ်ဖက်မှာလည်း စိတ်ဆိုးစရာ ကြုံလာရင် စိတ်ဆိုးလို့ရပေမယ့် ကြမ်းတမ်းတဲ့ ပြောဆိုပြုမူပုံမျိုး မလုပ်ရဘူးဆိုတာကို ကလေးတွေ နားလည်အောင် ပြောပြပေးရမှာ ဖြစ်ပါတယ်။
  • မိဘတွေမှာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ များလာတဲ့အခါ ကလေးကို ဂရုမစိုက်နိုင်တော့ပါဘူး။ ကလေးတွေရဲ့ စကားကို နားထောင်မပေးတော့တာ၊ ကလေး ရင်ဆိုင်နေရတဲ့ ဖိအားကို နားလည်အောင် မကြိုးစားတော့တာတွေကြောင့် ကလေးနဲ့ ပြောဆိုဆက်သွယ်မှုတွေလည်း မထိရောက်တော့ပါဘူး။
  • အပြန်အလှန် ပြောဆိုဆက်သွယ်မှု မချောမွေ့ရင် ကလေးရဲ့ အနာဂတ်အပေါ် ထိခိုက်မှု ရှိလာနိုင်တာမို့ ကလေးနဲ့ စကားပြောဆိုဆက်ဆံနိုင်ဖို့ အခွင့်အလမ်းတွေ အတတ်နိုင်ဆုံး ဖန်တီးယူပါ။ ကလေးတွေ ပြောပြချင်တဲ့ စကားကို နှလုံးသားနဲ့ နားထောင်ပေးပါ။

Screen Time ရဲ့ဆိုးကျိုး

  • Screen စွဲခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ Screen လို့ဆိုရာမှာ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စတာတွေ အားလုံးကို ဆိုလိုပါတယ်။ မိဘတွေအနေနဲ့ သတိပြုရမှာကတော့…
  • အသက် (၂) နှစ်အောက်ကလေးဆိုရင် Screen ကြည့်ခွင့် လုံးဝ မပေးရပါဘူး။
  • အရွယ်ကြီးတဲ့ကလေးတွေအတွက် ကြည့်ချိန်ကို သတ်မှတ်ပေးပါ။ ကလေးနဲ့ အတူတကွ ကြည့်ပါ။
  • တကယ်လို့ အသက် (၂) နှစ်အောက်ကလေးတွေ Screen ကြည့်ခဲ့မယ်ဆိုရင် စကားပြောနောက်ကျနိုင်ပါတယ်။ စကားပြောရင်လည်း သူတို့ ကြည့်တဲ့ ကာတွန်းထဲက အသံမျိုးနဲ့ အဓိပ္ပါယ်မဲ့ ပြောတတ်ပါတယ်။
  • ကလေးကြီးတွေအတွက် Screen ကြည့်ချိန် သတ်မှတ်မပေးဘူးဆိုရင်တော့ အွန်လိုင်းက သင်ယူချိန်မှာတောင် ကောင်းစွာ မသင်ယူဘဲ ဂိမ်းခိုးဆော့တာတွေ ရှိနိုင်ပါတယ်။
  • Screen စွဲသွားတဲ့ ကလေးတွေမှာ မျက်စိ၊ အာရုံကြော၊ ကြွက်သားထိခိုက်တာစတဲ့ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိနိုင်သလို စိုးရိမ်ပူပန်မှုများလာတာ၊ အာရုံမစိုက်နိုင်တာ၊ မှတ်ဉာဏ်အားနည်းလာတာ စတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။
  • မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံလိုမှု မရှိတော့ဘဲ Screen ထဲက သူငယ်ချင်းတွေနဲ့ပဲ ဆက်သွယ်ကစားနေတဲ့အတွက် လူမှုဆက်ဆံရေးလည်း ထိခိုက်လာပါတယ်။ တစ်ယောက်တည်းနေတာများတဲ့အတွက် အထီးကျန်ဆန်တာ၊ စိတ်ကျတာ စတဲ့ ပြင်းထန်တဲ့ စိတ်ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
  • အွန်လိုင်း သင်ယူခြင်း မဖြစ်မနေ လုပ်ရတာကလွဲပြီး Screen ကြည့်ခြင်းကို မိဘတွေက အတတ်နိုင်ဆုံး ထိန်းပေးပါ။ Screen ကြည့်ချိန် လျော့သွားအောင်လည်း မိမိရင်သွေးကို အာရုံစိုက် အချိန်ပေးပါ။

source- Save the Children
Photo- Internet
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top