ဆယ်ကျော်သက်တွေ သူတို့ရဲ့စိတ်ခံစားချက်တွေ ထိန်းချုပ်နိုင်ဖို့ မိဘတွေက ဘယ်လိုကူညီပေးမလဲ

11-8-2021-yyl26.jpg

ဆယ်ကျော်သက်တွေက သူတို့ရဲ့ဘဝမှာ ဖြစ်ပျက်လာတဲ့ အမျိုးမျိုးသောပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲကြပါတယ်။ ဆယ်ကျော်သက်တွေက စာမေးပွဲရလဒ်မကောင်းတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့အခါမျိုးတွေမှာလည်း စိတ်ခံစားချက်မတည်ငြိမ်ဖြစ်လာပြီး တော်တော်လေးကျော်လွှားကြရပါတယ်။ စိတ်ခံစားချက်အတတ်အကျဖြစ်တာ၊ စိတ်ခံစားချက်ပြင်းထန်တာတွေက ဆယ်ကျော်သက်ဘဝမှာ အဖြစ်များဆုံးပါပဲ။ အဲဒီလိုဖြစ်တာတွေကို သူတို့တွေ ကိုင်တွယ်ဖြေရှင်းမနိုင်တော့တဲ့အခါမှာ စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေဖြစ်လာကြရပါတယ်။ မိဘတွေကလည်း သူတို့ရဲ့ဆယ်ကျော်သက်သားသမီးတွေ အဲလိုဖြစ်လာရတဲ့အတွက် သူတို့ရဲ့စိတ်ခံစားချက်တွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုကူညီပေးရမလဲဆိုတဲ့ မေးခွန်းတွေထုတ်လာကြပါတယ်။ သူတို့ကို ကူညီပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက သူတို့ကို စကားပြောပေးတာနဲ့ သူတို့ပြောချင်တာကို နားထောင်ပေးတာပါပဲ။

မိဘတွေက ဆယ်ကျော်သက်သားသမီးတွေ သူတို့ကိုယ်တိုင် သူတို့ခံစားချက်တွေကို ဖွင့်ပြောလာတဲ့အထိ အချိန်ခဏပေးလိုက်ပါ။ မိဘတွေက သူတို့ဖွင့်ပြောလာဖို့အတွက် အရမ်းကြီးဖိအားမပေးပါနဲ့။ သူတို့ရဲ့ဘေးမှာ သင်ဟာ အမြဲဲရှိနေပေးတယ်။ နားထောင်ပေးဖို့၊ စကားပြောပေးဖို့၊ ပံ့ပိုးပေးဖို့ အဆင့်သင့်ရှိနေပေးတယ်ဆိုတာကိုတော့ သင့်ကလေးသိအောင် ပြသပါ။

သင့်ကလေး စိတ်ခံစားချက်ပြင်းထန်နေတဲ့အချိန်၊ စိတ်အတက်အကျဖြစ်နေတဲ့အချိန် သူတို့ကို အပြစ်တင်သလို ဒေါသတကြီးနဲ့ မပြောပါနဲ့။ ဆယ်ကျော်သက်အရွယ်ဆိုတာ မိဘတွေက သူတို့ကို သူငယ်ချင်းတစ်ယောက်လို ညင်ညင်သာသာလေး ဆက်ဆံပြီး စကားပြောပေးတာကို လိုချင်ကြတာပါ။ မိဘတွေက ပြဿနာကို ဒေါသတကြီးမဖြေရှင်းပါနဲ့။

စိတ်ခံစားချက်တွေကို နည်းလမ်းတချို့နဲ့ ထိန်းနိုင်ဖို့ မိဘတွေက ကူညီပေးပါ။ ကလေးတွေ စိတ်အတက်အကျဖြစ်လာတဲ့အခါ စိတ်ခံစားချက်တည်ငြိမ်သွားဖို့အတွက် သူတို့နှစ်သက်သဘောကျတဲ့ အနုပညာဖန်တီးတာဖြစ်ဖြစ်၊ ကတာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် လုပ်ခိုင်းပါ။ အဲဒါတွေကနေတဆင့် သူတို့ရဲ့စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပြနိုင်ဖို့ ကူညီပေးရာရောက်ပါတယ်။

ကလေးတွေရဲ့ခံစားချက်ကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မိဘတွေက သိဖို့၊ လက်ခံပေးဖို့လည်း အရေးကြီးပါတယ်။ အဲလိုမှမဟုတ်ရင် မိဘတွေက သူ့ခံစားချက်ကို ထည့်မတွက်ဘူး၊ လက်လည်းမခံပေးဘူး။ မိဘတွေက သူ့ဘေးမှာ ရှိမနေပေးဘူးလို့ သူ့စိတ်ထဲမှာ မှတ်ယူသွားပါလိမ့်မယ်။

သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေကနေ သင်ခန်းစာယူဖို့လည်း မိဘတွေက သင်ကြားပေးပါ။ ဆယ်ကျော်သက်တွေက မကောင်းတဲ့ခံစားချက်တွေကို ခံစားမိဖို့ မကြာခဏတွန်းအားပေးနေတတ်ပါတယ်။ အမှားတစ်ခုလုပ်မိတာနဲ့ မကောင်းတဲ့ခံစားချက်ကြီးက ဝင်လာတော့တာပဲ။ ဖြစ်နိုင်ရင် အမှားမလုပ်မိဖို့နဲ့ အမှားလုပ်မိရင်တောင် မကောင်းတဲ့ခံစားချက်မဖြစ်ဘဲ အဲဒီကနေ သင်ခန်းစာယူပြီး နောက်ကျရင် အမှားမလုပ်မိအောင်ကြိုးစားဖို့ သင်ကြားပေးသင့်ပါတယ်။

Ref: How to help teens deal with emotions and feelings


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top