ကလေးတွေကို ဘယ်လိုပျိုးထောင်မလဲ

oAnD8TcUh7.jpg

အခုလိုကာလမျိုးမှာ ဘယ်သူမဆို စိုးရိမ်ပူပန်မှုတွေ စိတ်ဖိစီးမှုတွေ ခံစားနေကြရမှာပါ။ စိတ်ဖိစီးမှုတွေဟာ အချိန်ကြာလာနဲ့အမျှ မိသားစုဘဝအပေါ် အနည်းနဲ့ အများ ထိခိုက်မှု ရှိလာနိုင်ပါတယ်။

မိသားစုတစ်ခုကို ဦးဆောင်နေကြတဲ့ အုပ်ထိန်းသူမိဘတွေကိုယ်တိုင်က စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကလေးငယ်တွေကို ဒေါသမပါဘဲ စိတ်ရှည်လက်ရှည် ပြောဆိုဆုံးမဖို့ အခက်အခဲ ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုကနေ ပေါ်ပေါက်လာတဲ့ အကျိုးဆက်ဟာ ကလေးတွေ မှန်ကန်ကောင်းမွန်စွာ ဖွံ့ဖြိုးရေးအတွက် အဟန့်အတားတစ်ခုဖြစ်လာနိုင်တဲ့အပြင် ဆိုးကျိုးများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာကို လစ်လျူရှုခြင်း

  • ချစ်ခြင်းမေတ္တာကို ဖော်ပြရာမှာ အပြောအဆို၊ အပြုအမူ နှစ်မျိုးစလုံး အရေးကြီးပါတယ်။
    ကလေးအပေါ် ဖေဖေ မေမေတို့ ချစ်ကြောင်း ပြသတဲ့ ပွေ့ဖက်မှု၊ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံမှုတွေက မေတ္တာကို ခံစားသိရှိစေသလို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ရရှိစေပါတယ်။ လိုအပ်လို့ ပြောဆိုဆုံးမမယ်ဆိုရင်လည်း ချစ်လို့ပြောနေတာပဲဆိုတဲ့အကြောင်း ကလေးက သိနားလည်မှာဖြစ်ပြီး ဒါက မိဘနဲ့ သားသမီးကြားက ဆက်နွယ်မှုကို ပိုပြီးချောမွေ့စေပါလိမ့်မယ်။
  • ချစ်ခြင်းမေတ္တာနဲ့ ပြုစုပျိုးထောင်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးက မှန်ကန်ကောင်းမွန်တဲ့ အပြုအမူ၊ အပြောအဆိုတစ်ခုခု လုပ်တိုင်း အသိအမှတ် ပြုပေးပါ၊ ချီးမွမ်းပါ၊ အချစ်တွေနဲ့ ဆုချပါ။
  • တစ်ခါတလေမှာတော့ မိဘတွေကိုယ်တိုင်က စိတ်ဖိစီးမှုသောကတွေ ရှိနေတတ်လို့ ကလေးတွေကို မှန်ကန်တဲ့ အပြုအမူတွေအတွက် အသိအမှတ်ပြုဖို့ သတိမရတာ၊ ချီးမွမ်းဖို့ မေ့နေတတ်တာ၊ အချစ်တွေ ပြဖို့နဲ့ အချစ်တွေပေးဖို့ လစ်လျူရှုမိနေတာမျိုး ရှိနိုင်တာကိုတော့ သတိပြုရမှာပါ။

ဂရုမစိုက် လစ်လျူရှုခြင်း

  • မိဘတွေကိုယ်တိုင် စိတ်ဖိစီးမှုသောကတွေ ရှိနေပြီဆိုရင် ကလေးကို ဂရုမစိုက် လစ်လျူရှုလာတတ်ကြပါတယ်။
  • လစ်လျူရှုတယ်ဆိုရာမှာ ကလေးအတွက် စားဖို့၊ သန့်ရှင်းပေးဖို့ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ ပျက်ကွက်တာ၊ ကလေးအပေါ် အာရုံစူးစိုက်မှု မရှိတာ၊ ကလေးအတွက် အချိန်မပေးနိုင်တာစတဲ့ အချက်တွေ ပါဝင်ပါတယ်။
  • မိဘအုပ်ထိန်းသူထံကနေ လစ်လျူရှုခံရတဲ့ ကလေးတွေဟာ
    စိုးရိမ်သောကနဲ့ စိတ်မလုံခြုံမှုကို ခံစားနေရပြီး တက်ကြွမှု မရှိပါဘူး။
    လူမှုဆက်ဆံရေးမှာ တုန့်ပြန်မှု အားနည်းပြီး အရာရာကို အလေးထားမှု မရှိပါဘူး။
    အခြားသူတွေအပေါ် မနာလိုစိတ် ဖြစ်လွယ်ပါတယ်။
    မဟုတ်တာ မမှန်တာ လုပ်ရမှာကို ရှက်ကြောက်တတ်တဲ့စိတ် ဖွံ့ဖြိုးမှု နှေးကွေးပါတယ်။
    ရန်လိုအကြမ်းဖက်တတ်တယ်၊ မိမိကို သူတစ်ပါးက ဂရုစိုက်တာ ခံချင်ပါတယ်။
  • မကောင်းတဲ့ အမူအကျင့်တွေ လွှမ်းမိုးလာတာနဲ့အမျှ လွဲမှားတဲ့ အပြုအမူတွေ ပြုလုပ်တတ်လာတဲ့ ကလေးတွေဟာ ဂရုမစိုက် လစ်လျူရှုတဲ့ မိဘတွေကြောင့် ဖြစ်လာတာပါ။
  • မိဘတွေအနေနဲ့ ကလေးတွေ ပြောတာကို အချိန်ပေးပြီး နားထောင်ပါ၊ အာရုံစိုက်ပေးပါ။
  • ကလေးရဲ့အမြင်နဲ့ ခံစားမှုကို အလေးထားတာဟာ အမူအကျင့်ကောင်းရှိတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာဖို့အတွက် အထောက်အကူပြုမှာပါ။

စည်းကမ်းပေးမှု လွဲမှားခြင်း

  • ကလေးတွေ လိုက်နာဖို့အတွက် စည်းကမ်းတွေ ချမှတ်ရာမှာ ကလေးနဲ့ လိုက်လျောညီထွေရှိတဲ့ စည်းကမ်းမျိုး ဖြစ်ဖို့လိုပါတယ်။
  • တင်းကြပ်လွန်းတဲ့ စည်းကမ်း၊ လျော့ရဲနေတဲ့ စည်းကမ်း၊ ရှေ့နောက်ညီညွတ်မှုမရှိတဲ့ စည်းကမ်းတွေဟာ လွဲမှားတဲ့ စည်းကမ်းပေးမှုတွေပဲ ဖြစ်ပါတယ်။ ကလေးအတွက် သင့်တော်မယ့် စည်းကမ်းတွေကိုပဲ သတ်မှတ်ထားပြီး အဲဒီစည်းကမ်းကို လိုက်နာဖို့နဲ့ ဖောက်ဖျက်ခဲ့ရင်လည်း တသမတ်တည်း အရေးယူဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာပါ။
  • တင်းကြပ်တဲ့ စည်းကမ်းတွေဟာ ကလေးတွေ လိုက်နာဖို့ ခက်ခဲတဲ့အတွက် စိတ်ဖိစီးမှု ရှိနေနိုင်သလို မကြာခဏလည်း ဖောက်ဖျက်မိတတ်ပါတယ်။ စည်းကမ်း လုံးဝမပေးဘဲ လျော့လျဲနေမယ်ဆိုရင်လည်း ကလေးမှာ မကောင်းတဲ့ အမူအကျင့်တွေပဲ လွှမ်းမိုးလာနိုင်ပါတယ်။
  • ရှေ့နောက်ညီညွတ်မှု မရှိတဲ့ စည်းကမ်းလို့ဆိုရာမှာ ဒီအပြုအမူဟာ မှားတယ်လို့ မိဘတွေက သတ်မှတ်ထားရင် အမြဲတမ်း တစ်ပုံစံတည်း မှတ်ယူသင့်တာမျိုးပါ။ အပြုအမူတစ်ခုကိုပဲ တစ်ကြိမ် အပြစ်ပေးလိုက်၊ နောက်တစ်ကြိမ်တော့ ခွင့်လွှတ်လိုက်ဆိုရင် ဘယ်အပြုအမူက မှန်ကန်တယ်ဆိုတာ ကလေးက မဝေခွဲနိုင်တော့ပါဘူး။
  • မိဘတွေအနေနဲ့ ကိုယ့်ကလေးအတွက် သင့်တော်တဲ့ စည်းကမ်းတွေကို တစ်သမတ်တည်း ချမှတ်ထားတာဟာ အကောင်းဆုံးသော ပြုစုပျိုးထောင်နည်းပဲ ဖြစ်ပါတယ်။

အော်ဟစ် ရိုက်နှက်ခြင်းရဲ့ ဆိုးကျိုး

  • စိတ်ဖိစီးမှုတွေ ခံစားနေရပြီဆိုရင် အလွယ်တကူ ဒေါသထွက်လာတာ၊ စိတ်မရှည်တာမျိုးက မိဘအုပ်ထိန်းသူတွေမှာရော ကလေးငယ်တွေမှာပါ ကြုံတွေ့ရတတ်ပါတယ်။
  • ကလေးတွေအနေနဲ့ အိမ်ထဲမှာ နေရတာကြာလာတာနဲ့အမျှ ပုံမှန်တွေ့နေကျ သူငယ်ချင်းတွေနဲ့ မဆုံရတာ၊ အပြင်မထွက်ရတာတွေကြောင့် လူကြီးတွေလိုပဲ စိတ်မရှည်တာတွေ၊ ဒေါသဖြစ်လွယ်လာတာတွေ ရှိလာနိုင်ပါတယ်။
  • နှစ်ဦးနှစ်ဖက် စိတ်အဆင်မပြေ ဖြစ်နေကြတဲ့ ကာလမျိုးမှာ အရင်က လုပ်လေ့လုပ်ထ မရှိဘဲနဲ့ မိဘတွေကိုယ်တိုင် ကလေးကို အော်ဟစ်ဆူပူ ရိုက်နှက်မိတတ်ပါတယ်။
  • ကလေးတွေကို လိမ်မာစေချင်လို့ ဆုံးမရာမှာ ဆူပူရိုက်နှက်ခြင်းက ထိရောက်မှု မရှိပါဘူး။ ကလေးတွေအနေနဲ့ ဘာလို့ ဆူပူတယ်ဆိုတာကို နားမလည်လိုက်တဲ့အတွက် မိဘ မလုပ်စေချင်တာကို ကွယ်ရာမှာ ခိုးလုပ်ပါတော့တယ်။ ထပ်ပြီး ဆူပူအရိုက်ခံရမှာ စိုးတဲ့အတွက် လိမ်ပြောတတ်လာပါတယ်။ ဒီလိုနဲ့ ကလေးတွေမှာ မကောင်းတဲ့ အမူအကျင့်တွေ လွှမ်းမိုးလာနိုင်ပါတယ်။ မိဘတွေဟာ မုန်းစရာကောင်းတဲ့သူတွေလို့ မြင်လာနိုင်ပါတယ်။ ဒီအတွေးက ကလေးကို ရန်လိုတတ်သူ၊ အကြမ်းဖက်တတ်သူမျိုးအထိ ဖြစ်လာစေနိုင်ပါတယ်။
  • မိဘတွေအနေနဲ့ ကလေးအပေါ် ပြောဆိုဆုံးမချင်တာ ရှိမယ်ဆိုရင် ဆူပူရိုက်နှက်တာမျိုးမဟုတ်ဘဲ နားလည်လက်ခံလာအောင် ညင်သာစွာ ပြောဆိုပါ၊ ရှင်းပြပါ။
  • အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ ဆုံးမခြင်းကပဲ အမူအကျင့်ကောင်းတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာစေမှာပါ။

Source- Save the Children
Photo- Internet
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top