ကိုရီးယားကင်မ်ချီက ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

25-11-2021yyl10.jpg

အခုဆိုရင် ကိုရီးယားအစားအစာတွေက ကမ္ဘာတစ်ဝှမ်းမှာ နေရာယူနေပါပြီ။ ကိုရီးယားအစားအစာတွေက အရသာရှိရုံသာမက ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့အတွက်ကြောင့်ပါ။ ကိုရီးယားအစားအစာတွေရဲ့သက်ရောက်မှုက အတော်လေးကောင်းပါတယ်။ ကိုရီးယားအစားအစာတွေထဲကမှ လူအများစု ကြိုက်နှစ်သက်လာကြတာတော့ ကင်မ်ချီပါပဲ။ ကိုရီးယားစားသောက်ဆိုင်၊ ကိုရီးယားအသားကင်ဆိုင်တွေထိုင်လိုက်တာနဲ့ ကင်မ်ချီက မပါမဖြစ် ချပေးလေ့ရှိကြပါတယ်။ အချဉ်ကြိုက်တဲ့သူတွေကတော့ ကိုရီးယားကင်မ်ချီကို ကြိုက်နှစ်သက်ပါလိမ့်မယ်။ တချို့သူတွေအတွက် ကင်မ်ချီကို ထမင်းနဲ့စားရင်တောင် ထမင်းမြိန်စေတယ်လို့ ဆိုကြပါတယ်။

ကိုရီးယားကင်မ်ချီက ကိုရီးယားနိုင်ငံရဲ့ရိုးရာအရံဟင်းတစ်မျိုးဖြစ်ပါတယ်။ မုန်ညင်းထုပ်၊ မုန်လာဉ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့ရောစပ်ပြုလုပ်ပြီး အချဉ်ဖောက်ထားတာပါ။ ကိုရီးယားကင်မ်ချီက ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တဲ့ အစားအစာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုရီးယားကင်မ်ချီရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ

အချဉ်ဖောက်ထားတဲ့အတွက် အူအတွက် ကောင်းတယ်

ကင်မ်ချီပြုလုပ်ဖို့အတွက် ကင်မ်ချီကို ပိုမိုကြာရှည်ခံစေဖို့သာမက ကင်မ်ချီအနံ့သင်းနေစေဖို့ အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ကင်မ်ချီကို ဆားရည်စိမ်ထားတဲ့ အသီးအရွယ်တွေနဲ့ ပြုလုပ်ထားတာကြောင့် သင့်အတွက် အထူးသဖြင့် သင့်ရဲ့အစာခြေစနစ်အတွက် ကောင်းမွန်စေတဲ့ ဘတ်တီးရီးယားတွေပါဝင်ပါတယ်။ ကင်မ်ချီက သင့်အူအတွက် အလွန်အကျိုးပြုပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ ကူညီပေးပါတယ်။ အဲဒါအပြင် ကင်မ်ချီမှာ ပါဝင်တဲ့ ပရိုဘိုင်အိုတစ် (Probiotics) ကလည်း အခြားကျန်းမာရေးအခြေအနေတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်

ကင်မ်ချီမှာပါတဲ့ ပရိုဘိုင်အိုတစ်က အစာခြေစနစ်အားကောင်းစေတဲ့အပြင် ကိုယ်ခံအားလုပ်ဆောင်ချက်တွေကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ကင်မ်ချီပြုလုပ်ရာမှာ အသုံးပြုတဲ့ အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်က ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါကို အစပျိုးတဲ့ ရောင်ရမ်းမှုအဆင့်ကို လျော့ချပေးတယ်လို့ပြောကြတဲ့ bacterium Lactobacillus ကို အသုံးပြုထားတာပါ။ ဒါ့အပြင် ကင်မ်ချီမှာ ပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။

အာဟာရဓာတ်တွေကြွယ်ဝတယ်

ကင်မ်ချီက အာဟာရဓာတ်များစွာပါဝင်တဲ့ အစားအစာလည်းဖြစ်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ လေဖြတ်တာ၊ ကင်ဆာရောဂါအမျိုးအမျိုးနဲ့ ဆီးချိုရောဂါ အပါအဝင် ပြင်းထန်တဲ့ကျန်းမာရေးအခြေအနေဖြစ်နိုင်ခြေ နည်းပါးသွားအောင် ကူညီပေးနိုင်တဲ့ beta-carotene နဲ့ အခြားဆန့်ကျင်ဓာတ်တိုးအစိတ်အပိုင်းတွေနဲ့ ပြည့်ဝနေတာပါ။ ဗီတာမင် အေ၊ စီ နဲ့ ကေဓာတ်တွေ ပါဝင်တဲ့အပြင် ကယ်စီယမ်နဲ့ ပိုတတ်စီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။

ခန္ဓာကိုယ်က ရောင်ရမ်းမှုကို လျော့ချပေးတယ်

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းမှုတွေဖြစ်ရပါတယ်။ ကင်မ်ချီမှာ ရောင်ရမ်းမှုတွေကို တွန်းလှန်ပေးတဲ့ဂုဏ်သတ္တိပါဝင်ပါတယ်။ Journal of Microbiology မှာ ထုတ်ဝေထားတဲ့ တိရစ္ဆာန်လေ့လာမှုမှာတောင် ကင်မ်ချီမှာ တွေ့ရတဲ့ ပရိုဘိုင်အိုတစ်ရဲ့တိကျတဲ့မျိုးကွဲက အူအတွင်း ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။

ကိုယ်အလေးချိန်ကျဖို့ အထောက်အပံ့ပေးတယ်

ကိုရီးယားလူမျိုးတွေရဲ့ကိုယ်အလေးချိန်လျော့ချတဲ့ စားသောက်နေထိုင်မှုကို လူအများ သတိပြုမိကြမှာပါ။ ကိုရီးယားလူမျိုးတွေက တစ်နေ့တာ စားသောက်မှုတိုင်းမှာ အချဉ်ဖောက်ထားတဲ့ အရံဟင်း ကင်မ်ချီကို တည်ခင်းစားသောက်ကြတာပါ။ ကင်မ်ချီက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင် ပရိုဘိုင်အိုတစ်ပါဝင်မှု များတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်လျော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။

နှလုံးကျန်းမာရေးကို တိုးတက်စေတယ်

ကိုရီးယားကင်မ်ချီက ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ ကိုလက်စထရောပမာဏို လျော့ချပေးနိုင်ပါတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါက လူတစ်ယောက်ရဲ့နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်မ်ချီကို ပုံမှန်စားပေးတာကလည်း နှလုံးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တဲ့ ရောင်ရမ်းမှုကို‌ လျော့ချပေးတယ်လို့ ဆိုပါတယ်။

Ref: Korean Kimchi Diet: The side dish that has several health benefits

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top