သိပ္ပံပညာရှင်တွေ မျှော်လင့်မထားအောင် မျိုးဗီဇပြောင်းလဲသွားတဲ့ ကိုဗစ်-၁၉ မျိုးကွဲသစ်တစ်မျိုး တွေ့ရှိ

25-11-2021yyl11.jpg

သိပ္ပံပညာရှင်တွေ မျှော်လင့်မထားလောက်အောင် မျိုးဗီဇ ပြောင်းလဲသွားတဲ့ ကိုဗစ်-၁၉ မျိုးကွဲသစ် တစ်ခုကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ အခုနောက်ဆုံး တွေ့ရတဲ့ မျိုးကွဲသစ်ရဲ့ မျိုးဗီဇပြောင်းလဲမှုတွေက ကြောက်စရာကောင်းတယ်လို့ သိပ္ပံပညာရှင်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ကိုဗစ်-၁၉ မျိုးကွဲသစ်ကို အခုမှ စတင်တွေ့ရှိခါစဖြစ်ပြီး တောင်အာဖရိကနိုင်ငံ ဂူတန်းပြည်နယ်မှာ မျိုးကွဲသစ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၇၇ ဦး တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘော့စ်ဝါနာနိုင်ငံမှာ အတည်ပြုလူနာ ၄ ဦး၊ ဟောင်ကောင်မြို့မှာ အတည်ပြုလူနာ ၁ ဦး ( တောင်အာဖရိကနိုင်ငံမှ ရောက်ရှိလာသူ) တွေ့ရှိထားပါတယ်။ ဒါပေမဲ့ မျိုးကွဲသစ်က တခြားဒေသတွေအထိ ပျံ့နှံ့နေတဲ့ သဲလွန်စတွေလည်း တွေ့ရှိထားပါတယ်။

မျိုးကွဲသစ်ရဲ့ ကူးစက်မှု အမြန်နှုန်း၊ ကာကွယ်ဆေး မတိုးဘူးဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ B.1.1.529 လို့ ခေါ်တဲ့ မျိုးကွဲသစ်ကို နိုဝင်ဘာလ ၂၆ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က Alpha (အယ်လ်ဖာ)၊ Delta ( ဒယ်လ်တာ) အစရှိတဲ့ ဂရိကုဒ်နာမည်တစ်ခု ပေးဖို့ ရှိနေပါတယ်။

” ပုံမှန်မဟုတ်တဲ့ မျိုးဗီဇပြောင်းလဲမှုတွေ စုပေါင်းထားတာ တွေ့ရတယ်။ အရင် ကူးစက်ပျံ့နှံ့နေတဲ့ တခြားမျိုးကွဲသစ်တွေနဲ့ လုံးဝမတူဘူး။ ဒီမျိုးကွဲသစ်က ကျွန်တော်တို့ကို အံ့အားသင့်စေတယ်။ အရမ်းကြီး ပြောင်းလဲသွားတယ်။ မျိုးဗီဇပြောင်းလဲမှုတွေက ထင်ထားတာထက် ပိုများတယ်” လို့ တောင်အာဖရိကနိုင်ငံ ကပ်ရောဂါတုံ့ပြန်ရေးနဲ့ တီထွင်ဖန်တီးမှုစင်တာရဲ့ ဒါရိုက်တာ ပါမောက္ခ အိုလီဗီရာက ပြောပါတယ်။

မျိုးကွဲသစ်မှာ မျိုးဗီဇပြောင်းလဲမှု ၅၀ အထိ ရှိပြီး လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ဝင်ရောက်ရာမှာ အဓိကကျတဲ့ ပရိုတိန်းဆူးချွန် (spike protein)မှာ ပြောင်းလဲမှု ၃၀ ကျော် ရှိတယ်လို့ ပါမောက္ခ အိုလီဗီရာက ပြောပါတယ်။ ပရိုတိန်းဆူးချွန်ဟာ ကိုဗစ်ကာကွယ်ဆေးတွေ ဖော်စပ်ရာမှာ အဓိကပစ်မှတ်ထားတဲ့ အရာဖြစ်ပါတယ်။ ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့တဲ့ ဒယ်လ်တာမျိုးကွဲသစ်မှာ ပရိုတိန်းဆူးချွန်ထဲက receptor binding domain ( လူ့ခန္ဓာကိုယ်ထဲက ဆဲလ်နဲ့ ပထမဆုံးထိတွေ့တဲ့ အစိတ်အပိုင်း) မှာ မျိုးဗီဇ ပြောင်းလဲမှု ၂ မျိုးပဲ ရှိခဲ့ပေမဲ့ အခုမျိုးကွဲသစ်မှာတော့ အဲဒီအပိုင်းက မျိုးဗီဇပြောင်းလဲမှု ၁၀ မျိုးအထိ ရှိနေပါတယ်။

အခုမျိုးကွဲသစ်ဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနဲ့ လုံးဝဥဿုန် ကွာခြားသွားခဲ့တာက စိုးရိမ်စရာဖြစ်နေပါတယ်။ ကာကွယ်ဆေးအများစုဟာ ကနဦးဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်ဖို့ ရည်ရွယ်ဖော်စပ်ခဲ့တာဖြစ်လို့ မျိုးကွဲသစ်ကို မကာကွယ်ပေးနိုင်မှာကို စိုးရိမ်နေကြတာပါ။

Ref: BBC “Covid: New heavily mutated variant B.1.1.529 in South Africa raises concern “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top