အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် ကိုယ့်ကိုယ်ကို ပေးလို့ရတဲ့ ကတိစကားများ

4-2-2022-yyl09.png

အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ဆုံးဖြတ်ချက်ခိုင်မာမှုတွေ၊ အလုပ်ကြိုးစားအားထုတ်မှုတွေ၊ ရည်မှန်းချက်တွေနဲ့ တည်ဆောက်ရပါတယ်။ အောင်မြင်မှုလမ်းကြောင်းမှာ အတားအဆီးမျိုးစုံ၊ အခက်အခဲမျိုးစုံရှိတဲ့အတွက် လူတိုင်းကတော့ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သတ္တိမရှိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ဟာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့၊ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းမှုတစ်ခုရှိဖို့ ရည်မှန်းချက်ပန်းတိုင်ချမှတ်သင့်ပါတယ်။ အခုဆိုရင် ၂၀၂၂ခုနှစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုရှိဖို့အတွက် ကိုယ့်ကိုယ်ကို ကတိစကားတချို့ ပေးထားသင့်ပါတယ်။ အဲဒါတွေကတော့

ကိုယ်ပိုင်အောင်မြင်မှုအဓိပ္ပာယ်နဲ့ ရှင်သန်မယ်

အောင်မြင်မှုဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို မကြာခဏ နားလည်ရခက်ရပါတယ်။ အခြားသူတွေအတွက် အဲဒါက ကျော်ကြားမှုနဲ့ ကြွယ်ဝချမ်းသာမှုဖြစ်နိုင်ပေမဲ့ သင့်အတွက် တခြားအဓိပ္ပာယ်ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အောင်မြင်မှုသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး သင့်ပတ်ဝန်းကျင်ကို ဆုံးဖြတ်ခွင့်မပေးပါနဲ့။ သေးငယ်တဲ့အောင်မြင်မှုပန်းတိုင်တစ်ခုရရှိတာကလည်း အောင်မြင်မှုတစ်ခုပါပဲ။ ဒါကြောင့် သင့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုအဓိပ္ပာယ်နဲ့ ရှင်သန်ရမယ်လို့ ကိုယ့်ကိုယ်ကို ကတိကဝတ်ပြုလိုက်ပါ။

ကိုယ်ပိုင်စံနှုန်းအတိုင်း သွားမယ်

အခြားသူတွေ မျှော်မှန်းထားတဲ့ အရာတွေနဲ့ အသက်မရှင်ပါနဲ့။ သင် ဝါသနာပါတဲ့၊ သင်မျှော်လင့်ထားတဲ့ အရာတွေကို လုပ်ဆောင်ပါ။ အခြားသူတွေလိုချင်တဲ့အရာတွေကို လုပ်တာက သင့်ရဲ့အတွင်းစိတ်နဲ့ သင့်ကိုယ်သင် ဝေးကွာသွားစေမှာဖြစ်တဲ့အတွက် သင် ဘယ်တော့မှ ပျော်ရွှင်မှာမဟုတ်သလို အောင်မြင်မှာလည်း မဟုတ်ပါဘူး။ သင် “ဘာလိုချင်လဲ”၊ “ဘာလုပ်ချင်လဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ အဖြေကိုသိရမှ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းတစ်ခုကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ ကိုယ်ပိုင်စံနှုန်းအတိုင်း သွားမယ်လို့ သင့်စိတ်ထဲ မှတ်ထားပါ။

ရည်မှန်းချက်ပန်းတိုင်ထားမယ်

သင်ကိုယ်တိုင်အတွက် အမြဲတမ်းရည်မှန်းချက်ပန်းတိုင်ထားမယ်လို့ ကိုယ့်ကိုယ််ကို ကတိပေးလိုက်ပါ။ သင့်ဘဝမှာ ရည်မှန်းချက်ထားတာက သင့်ကို စည်းစနစ်တကျရှိစေပြီး အောင်မြင်မှုလမ်းကြောင်းဆီ လမ်းညွှန်ပေးမယ့် လုပ်ရိုးလုပ်စဉ်ကို လိုက်နာဖို့ ကူညီပေးပါလိမ့်မယ်။

ဘဝကို စည်းကမ်းရှိရှိနေထိုင်မယ်

သင့်ဘဝမှာ လိုက်လျောညီထွေစွာ နေထိုင်နိုင်ဖို့အတွက် စည်းကမ်းရှိရှိနေထိုင်တက်ဖို့ အရမ်းလိုအပ်ပါတယ်။ မနက်ခင်းစောစောထားပါ။ လုပ်ရိုးလုပ်စဉ်တွေကို လိုက်နာလုပ်ဆောင်ပါ။ သင့်ရဲ့လမ်းကြောင်းကို မသွေဖိလိုက်ပါနဲ့။ ဒါတွေအားလုံးက အောင်မြင်တဲ့ လူနေမှုပုံစံတစ်ခုကို ထိန်းသိမ်းတာနဲ့ ဆိုင်ပါတယ်။

ခါးသီးမှု၊ နာကျင်မှုတွေကို မရှောင်ဘူး၊ ရင်ဆိုင်မယ်

ကြောက်ရွံ့မှု၊ စိတ်ဆင်းရဲမှု၊ နာကျင်မှုတွေက ဘဝမှာ ကြုံတွေ့ရမယ့် အရာတွေပါပဲ။ ခါးသီးတဲ့ ခံစားချက်၊ ချိုမြိန်တဲ့ခံစားချက်တွေက သင့်ဘဝမှာ အထောက်အကူဖြစ်စေပါတယ်။ သင်ကြုံတွေ့ခံစားရတဲ့ အခိုက်အတန့်တိုင်းက သင့်ကို တစ်စုံတစ်ခုသင်ကြားပေးသလို နောက်ထပ်စွန့်စားခန်းအတွက် သင့်ကို ပြင်ဆင်ပေးမယ့် အခြားအရာတွေကိုလည်း သင်ကြားပေးပါတယ်။ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ရှော်င်ရှားလိုက်တာက သင့်ကို အားနည်းစေပါလိမ့်မယ်။ အဲဒါတွေကို ရင်ဆိုင်တာကမှ သင့်ကို ပိုပြီးသန်မာစေပါလိမ့်မယ်။

Ref: Promises you can make to yourself for a successful career

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top