ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကို ဘာကြောင့်ဓာတ်မလိုက်တာလဲ

17.7.2019birds-1-1.jpg

လျှပ်စစ်ဓာတ်အားဆိုတာ လူတွေအတွက်တော့ အသုံးဝင်လွန်းတဲ့အရာဖြစ်သလို အရမ်းလည်း အန္တရာယ် များတဲ့အရာပါ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းတစ်ခုဖြတ်စီးသွားရင် စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားနိုင်ပြီး နှလုံးကို ပျက်စီး သွားစေပါလိမ့်မယ်။ ဒါကြောင့် ပလက်ပေါက်တွေထဲ လက်ချောင်းတွေမထည့်မိဖို့၊ အိမ်မှာ လျှပ်စစ်သွယ်ထားတဲ့ဝိုင်ယာကြိုးတွေကို အမှုမဲ့မကိုင်မိဖို့ ကျွန်တော်တို့ အမြဲသတိထားနေကြတာပါ။ ဒါပေမဲ့ လျှပ်စစ်သွယ်တန်းထားတဲ့ဓာတ်ကြိုးတွေက အခုလောက်အရမ်းအန္တရာယ်များတယ်ဆိုပါလျက် “ငှက်တွေကျတော့ ဓာတ်ကြိုးပေါ်မှာနားရင် ဘာလို့ဓာတ်မလိုက်လဲ” ဆိုတဲ့မေးခွန်းကို တွေးမိဖူးကြမှာပါပဲ။

ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကို လျှပ်စစ်ဖြတ်မစီး (ဓာတ်မလိုက်) ရတဲ့အကြောင်းရင်းက (၂) ခုရှိပါတယ်။ ပထမတစ်ခုက သူတို့ရဲ့ခန္ဓာကိုယ်ဟာ လျှပ်စစ်စီးကူးဖို့မကောင်းမွန်လို့ပါပဲ။ ငှက်ရဲ့ခန္ဓာကိုယ်က ဆဲလ်နဲ့ တစ်ရှုးတွေဟာ လျှပ်စီးကြောင်းဖြတ်စီးနိုင်ဖို့ ကြေးနီဝိုင်ယာကြိုးတစ်ချောင်းထက် ပိုခက်ခဲလို့ပါ။ လျှပ်စစ်ဓာတ်အားဟာ တစ်နေရာကနေအခြားတစ်နေရာကိုစီးဆင်းတဲ့အခါ ဗို့အားမြင့်ရာကနေ ဗို့အားနိမ့်ရာဆီပဲ စီးတတ်ပါတယ်။ ဓာတ်အားလိုင်းတစ်ခုတည်းမှာ ဗို့အား (၃၅၀၀၀) ပမာဏနဲ့စီးနေတဲ့ လျှပ်စီးကြောင်း တစ်ခုအနေနဲ့ ဝိုင်ယာမှာဗို့အားခြားနားချက်တစ်ခုခုရှိမနေရင် လျှပ်စစ်ခုခံအားအနည်းဆုံးလမ်းကြောင်းကနေပဲ ဆက်စီးသွားမှာပါ။ ဒီလိုအချက်တွေကြောင့် လျှပ်စီးကြောင်းဟာ ဓာတ်ကြိုးပေါ်နားနေတဲ့ ငှက်ကိုဖြတ်မစီးဘဲ ပိုအဆင်ပြေတဲ့ဝိုင်ယာကြိုးကနေပဲ ဆက်စီးသွားတယ်လို့ဆိုတာဖြစ်ပါတယ်။

ဒုတိယအကြောင်းရင်းကတော့ ငှက်ရဲ့ခြေထောက်နှစ်ဘက်လုံးက ဝိုင်ယာကြိုးတစ်ချောင်းတည်းပေါ်မှာပဲ ရှိနေတာဖြစ်လို့ ခြေထောက်နဲ့ ဝိုင်ယာကြိုး အကြားမှာ ဗို့အားခြားနားမှုရှိမနေပါဘူး။ တကယ်လို့ ငှက်က ဝိုင်ယာကြိုးပေါ်နားနေတုန်း မြေပြင်ကိုထိလိုက်မယ် (ဒါမှမဟုတ်) အတောင်ပံခတ်လိုက်ရင်း ဗို့အားမတူတဲ့ တခြားဝိုင်ယာကြိုးကိုထိမိလိုက်မယ်ဆိုရင်တော့ ဓာတ်လိုက်ပြီးသေဆုံးရမှာသေချာပါတယ်။ ဒါကြောင့် ဓာတ်အားလိုင်းတွေကို မြေပြင်အထက်မြင့်မားတဲ့နေရာတွေမှာပဲတွေ့ရတာဖြစ်ပြီး ဝိုင်ယာကြိုးတစ်ချောင်းနဲ့ တစ်ချောင်းကိုလည်း ခပ်ခွာခွာပဲ သွယ်တန်းထားကြတာပါ။

ဘာပဲဖြစ်ဖြစ် လျှပ်စစ်စီးနေတဲ့ဝိုင်ယာကြိုးတစ်ချောင်းကို သတိလက်လွတ် ထိမိ၊ ကိုင်မိလိုက်မယ်ဆိုရင် အသက်အန္တရာယ်ရှိတာကြောင့် ဂရုတစိုက် ကိုင်တွယ်အသုံးပြုဖို့ကိုတော့ အမြဲသတိချပ်စေချင်ပါတယ်။

Ref: wonderopolis.org
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top