လူမှုကွန်ယက်ပေါ် သင့်ကလေးနဲ့ပတ်သက်ပြီး မတင်သင့်တဲ့ အရာများ

27-9-2021-yyl1.jpg

ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်လို လူမှုကွန်ယက်တွေက သုံးတက်ရင် အဆင်ပြေပေမဲ့ မသုံးတက်ရင် ဘေးအန္တရာယ်ဖြစ်စေတတ်ပါတယ်။ လူမှုကွန်ယက်ကြောင့် အန္တရာယ်ကြုံရတဲ့ အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့် မိဘတွေ လူမှုကွန်ယက်ကို အသုံးပြုတယ်ဆိုရင် သင့်ရဲ့သားသမီးနဲ့ပတ်သက်ပြီး သတိထားရှောင်ကျဉ်သင့်တာတွေရှိပါတယ်။ မိဘတော်တော်များများက မိမိတို့ရဲ့သားသမီးတွေရဲ့ချစ်စရာကောင်းတဲ့ပုံတွေ၊အကြောင်းအရာတွေကို လူမှုကွန်ယက်ပေါ်တင်လေ့ရှိကြပါတယ်။ တချို့ပုံတွေက လူမှုကွန်ယက်ပေါ်တင်လိုက်ရင် အန္တရာယ်များပါတယ်။ ပုံတွေကို တခြားလူက ယူသုံးတာကစပြီး ကိုယ်ရေးအချက်အလက်ကိုခိုးတာ၊ Cyber Bulling လုပ်ခံရတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် သူတို့ရဲ့ဘဝတွေကို အန္တရာယ်ထဲကျရောက်စေနိုင်ပါတယ်။ ဒါကြောင့် လူမှုကွန်ယက်မှာ ကလေးတွေနဲ့ပတ်သက်ပြီး တစ်ခုခုတင်တဲ့အခါ သတိထားသင့်တဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

တည်နေရာနဲ့ လိပ်စာ တင်တာ

မိဘတွေက သင့်ကလေးရှိနေတဲ့ နေရပ်လိပ်စာ၊ တက်ရောက်နေတဲ့ ကျောင်း၊ သင်တန်းနေရာတွေကို လူမှုကွန်ယက်မှာတင်တာက သင့်ကလေးအတွက် အရမ်းအန္တရာယ်များပါတယ်။ ကလေးပြန်ပေးဆွဲသမားနဲ့ နောက်ယောင်ခံတဲ့သူတွေရှိရင် သင့်ကလေးရဲ့နေရာကို ပြောပြလိုက်သလိုဖြစ်စေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကလည်း လူမှုကွန်ယက်မှာ ကလေးတွေရဲ့ ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့အရာတွေကို မတင်ဖို့ မိဘတွေကို သတိပေးထားပါတယ်။

အဝတ်အစားမပါတဲ့ပုံတွေတင်တာ

ကလေး အဝတ်အစားမဝတ်ထားတဲ့ပုံတွေ၊ အဝတ်လဲနေတဲ့ပုံတွေကိုတင်တာလည်း ကလေးတွေအတွက် အရမ်းအန္တရာယ်များနိုင်ပါတယ်။ အဝတ်အစားမပါတဲ့ သင့်ကလေးရဲ့ပုံကို မကောင်းတဲ့နေရာမှာ ယူသုံးခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ်။

ကိုယ်ရေးအချက်အလက်အပြည့်အစုံတင်တာ

ကလေးတစ်ယောက်ရဲ့ကျန်းမာရေးမှတ်တမ်း၊ ကိုယ်ရေးအချက်အလက်တွေ ဖော်ပြတဲ့ အရာတွေကို လူမှုကွန်ယက်မှာတင်မယ်ဆိုရင် အင်တာနက်ဟက်ကာတွေ အလွဲသုံးစားလုပ်နိုင်ပါတယ်။ ကလေးရဲ့အချက်အလက်တွေခိုးယူခံရတာကလည်း မိဘတွေ ကြုံတွေ့ရနိုင်တဲ့ အဖြစ်များဆုံးပြဿနာပါပဲ။

အပြုအမူဆိုင်ရာပြဿနာတွေတင်တာ

ကလေးရဲ့အပြုအမူနဲ့ပတ်သက်တဲ့ ပြဿနာတွေအကြောင်းတင်တာကလည်း ကလေးရဲ့အားနည်းချက်ကို အခြားသူတွေကို ပြောပြလိုက်သလိုဖြစ်စေပါတယ်။ ကလေးရဲ့အားနည်းချက်ကို သိပြီး အနိုင်ကျင့်တာတွေဖြစ်လာနိုင်တာကြောင့် သင် တင်မယ့်အရာနဲ့ပတ်သက်ပြီး သေချာဂရုစိုက်သင့်ပါတယ်။

ကလေးရဲ့ရှက်ကိုးရှက်ကန်းဖြစ်တဲ့၊ ဒေါသတကြီးဖြစ်တဲ့အခိုက်အတန့်တွေတင်တာ

ကလေးတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့၊ ဒေါသတကြီးဖြစ်နေတဲ့ ဗီဒီယို (သို့) ပုံတွေကို တင်တာက သင့်ကလေးကို အရှက်ရစေနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကလည်း အနာဂတ်မှာ အင်တာနက်ပေါ် ကျန်ခဲ့တဲ့၊ တင်ခဲ့တဲ့ အဲဒီလိုအချက်အလက်တွေက ကလေးကို ဒုက္ခပေးနိုင်တယ်လို့ ဆိုပါတယ်။

Ref: Things to never share about your kids on social media

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top