အပြင်လောကမှာ တကယ်ရှိတဲ့ The Conjuring သရဲကားမှ အိမ်ကို ရောင်းချနေ

24-9-2021-yyl1.jpg

ကြောက်စရာအကောင်းဆုံးသရဲဇာတ်ကားတွေထဲက တစ်ခုအဖြစ် ရုပ်ရှင်ချစ်ပရိသတ်တွေ မှတ်ယူထားကြတဲ့ The Conjuring ဇာတ်ကားကဆိုရင် အပြင်လက်တွေ့မှာ တကယ်ခြောက်လှန့်နေတဲ့ အိမ်ကြီးမှာဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို ရိုက်ကူးထားတယ်ဆိုတာ သိကြမှာပါ။ အပြင်လောကမှာ ကာရိုလင် (Carolyn) နဲ့ ရိုဂျာ ပါရွန် (Roger Perron) တို့ဇနီးမောင်နှံနဲ့ သူတို့ရဲ့သမီး (၅) ဉီးတို့ သူတို့နေထိုင်ရာ အိမ်ကြီးမှာ ဝိဉာဉ်တွေရဲ့ခြောက်လှန့်မှုကိုခံခဲ့ရတာပါ။ အိမ်ကြီးထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အနံ့ဆိုးတွေနဲ့ သူတို့ရဲ့အိပ်ရာတွေလှုပ်ခါနေတာအပါအဝင် ရှင်းပြလို့မရနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေကို ကာရိုလင်တို့ မိသားစုက ထုတ်ပြောခဲ့ပြီးသားပါ။ အဲဒီနောက်မှာ ကာရိုလင်တို့ကြုံတွေ့ရဲ့အဖြစ်အပျက်တွေကို မှီးငြမ်းပြီး ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ပိုင်ရှင်တွေက ဒီအိမ်ကြီးကို ကန်ဒေါ်လာ ၁.၂ သန်းနဲ့ ရောင်းချနေပါတယ်။ ဒီအိမ်ကြီးက Burilliville မြို့လေးမှာ တည်ရှိတဲ့ အခန်း (၁၄) ခန်းပါတဲ့ နေအိမ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ၈ ဧကရှိတဲ့ မြေမှာ ဆောက်ခဲ့တာပါ။ Mott & Chace Sotheby’s International Realty အိမ်ခြံမြေလုပ်ငန်းကတော့ “ဒီကနေ့ထိ မရေတွက်နိုင်တဲ့ဖြစ်ပျက်မှုတွေကို ထုတ်ပြန်ပြီးခဲ့ပါပြီ။ ဒီအိမ်မှာ နေထိုင်သူတွေနဲ့ အလည်လာတဲ့သူတွေကြုံတွေ့ရတဲ့ ကြက်သီးထစရာကောင်းတဲ့ဖြစ်ရပ်တွေနဲ့ အဖြစ်အပျက်တွေကို မီဒီယာတွေနဲ့ စာအုပ်၊ ရုပ်ရှင်နဲ့ တီဗီရှိုးအပါအဝင်ထုတ်လုပ်ရေးတော်တော်များများကို ပြောပြပြီးပါပြီ” လို့ ပြောကြားထားပါတယ်။

လက်ရှိ ဒီအိမ်ကြီးကို ပိုင်ဆိုင်ထားသူက ကော်ရီ (Cory) နဲ့ ဂျနီဖာ ဟေဇန် (Jennifer Heinzen) တို့ဇနီးမောင်နှံဖြစ်ပါတယ်။ ကော်ရီတို့က ၂၀၁၉ခုနှစ်က ဝယ်ယူခဲ့ပြီး (၂) နှစ်အကြာမှာတော့ ဒီအိမ်ကို ရောင်းချဖို့ ဈေးခေါ်နေပါတယ်။ ကော်ရီတို့ရဲ့သမီး မာဒီဆန် (Madison) ကလည်း ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေကြောင့် ဒီအိမ်ကြီးမှာ နေရတာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။ သူတို့မိသားစု နေထိုင်ခဲ့တဲ့ အတောအတွင်းမှာ သဘာဝလွန်ဖြစ်ရပ်တွေမြင်တွေ့ခဲ့ရတယ်။

စကတ်နဲ့ ဉီးခေါင်းခြုံထည်ဝတ်ဆင်ထားတဲ့ သရဲတစ်ကောင်ကို မာဒီဆန် မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ မာဒီဆန်က အခုလိုပြန်ပြောပြခဲ့ပါတယ်။ “ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တာပါ။ ကျွန်မ မီးဖိုချောင်မှာရှိနေတဲ့အချိန်။ ကျွန်မ တစ်ယောက်တည်း ညစာစားနေတဲ့အချိန် ကျွန်မဘေးကနေ တစ်စုံတစ်ဉီး ဖြတ်သွားတာ မြင်ခဲ့တယ်။ ကျွန်မ မြင်တွေ့လိုက်တာက ဉီးခေါင်းခြုံထည်ခြုံထားတဲ့သရဲတစ်ကောင်ကိုပါ။ စက္ကန့်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ ကျွန်မ ဘာဆက်လုပ်ရမှန်းမသိအောင် ကြောင်တောင်တောင်ကြီးနဲ့ ထိုင်နေမိခဲ့တယ်”

မာဒီဆန်က သူကြုံတွေ့ရတာကို သူ့မိဘတွေကို ပြောပြတော့ သူတို့လည်း အဲဒီသရဲကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ကတော့ သတို့သမီးဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးလို့ ပြောပါတယ်။ မာဒီဆန်ရဲ့ဖခင် ကော်ရီက သူတို့မိသားစု ဒီအိမ်ကို ပြောင်းရွှေ့လာကတည်းက တံခါးတွေပွင့်နေတာ မြင်တွေ့ခဲ့ရသလို လမ်းလျှောက်သံနဲ့ တံခါးခေါက်သံတွေကြားခဲ့ရတယ်။ ဒီအိမ်မှာ နေရတာ ခက်ခဲတယ်လို့လည်း ဖွင့်ဟပြောဆိုထားပါတယ်။

အခု ကော်ရီတို့မိသားစုက ဒီအိမ်ကြီးကို ရောင်းချနေပြီးဆိုတော့ နောက်ထပ်ဘယ်သူဝယ်ယူမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Ladbible “The Real-Life House That Inspired The Conjuring Is Up For Sale”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top