ခေါင်းစည်းပုဝါတစ်ထည်နဲ့ လက်ဗလာသုံးပြီး ပျားတွေကို ကယ်ဆယ်ပေးနေသူကတော့ အသက် ၄၂ နှစ်အရွယ် ကလဲရင့်ချူ (Clarence Chua) ပါပဲ။ သူဟာ ပျားသိုက်ထဲက ပျားတွေကို သစ်သားသေတ္တာထဲ လက်နဲ့ခွတ်ထည့်ပြီး ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးလေ့ရှိပါတယ်။
“ကျွန်တော် ပျားတွေကို သဘောကျတာက ကိုယ်က သူတို့ကို အန္တရာယ်မပြုဘူးဆိုရင် ဘေးနားမှာ ကပ်နေရင်တောင် သူတို့က ဘာမှမလုပ်ဘူး” လို့ ချူက ပြောပါတယ်။ အပူပိုင်းဒေသဖြစ်တဲ့ စင်ကာပူမှာ နေထိုင်သူတွေဟာ အိမ်တွေမှာ ပျားအသိုက်လာဖွဲ့ရင် ပိုးမွှားနှိမ်နင်းရေးအဖွဲ့တွေကိုပဲ ခေါ်လေ့ရှိကြပါတယ်။ ပိုးမွှားနှိမ်နင်းရေးအဖွဲ့တွေက စင်ကာပူဒေါ်လာ ၈၀ ကနေ ၁၅၀ ဝန်းကျင်ပေးရပြီး မိနစ်ပိုင်းအတွင်း ပျားတွေကို သတ်ပစ်ကြတာပါ။
ဒါပေမဲ့ ချူကတော့ ပျားတွေကို မသတ်ဘဲ ကယ်ဆယ်ဖို့ လူတွေကို စည်းရုံးနိုင်ခဲ့ပါတယ်။ သူက ပျားကယ်ဆယ်ခအဖြစ် စင်ကာပူဒေါ်လာ ၁၀၀ ကနေ ၅၀၀ ကြား ယူပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ သူဟာ တစ်နှစ်ကို ပျားသိုက်ပေါင်း ၁၀၀ ခန့်၊ စုစုပေါင်း ပျားကောင်ရေ ၆ သန်းလောက်ကို ဘေးကင်းအောင် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါပြီ။

ပျားတွေကို အကြင်နာတရားနဲ့ ရွှေ့ပြောင်းတယ်ဆိုတာ ပျားဘုရင်မ၊ ပျားသားပေါက်၊ လုပ်သားပျားအကုန်လုံး အသိုက်အမြုံမပျက်အောင် ရွှေ့ပေးရတာပါ။ ပြီးရင်တော့ သူကိုယ်တိုင်အုပ်ချုပ်တဲ့ ပျားမွေးမြူရေးခြံ ၃ ခုဆီ ပို့ပေးပါတယ်။ အဲ့ဒီထဲက ခြံတစ်ခုကတော့ သူ့အိမ်နောက်ဖေးမှာ ရှိပါတယ်။
ထူးခြားတဲ့အချက်ကတော့ ချူဟာ ပျားတွေကို နေရာမျိုးစုံကနေ ကယ်ဆယ်ခဲ့ဖူးတာပါပဲ။ ကွန်ဒိုတစ်ခုမှာရှိတဲ့ နတ်ကွန်းထဲကနေစလို့ ပျားအုပ်ကြီးကြောင့် ပျံသန်းလို့မရဘဲဖြစ်နေတဲ့ လေယာဉ်အင်ဂျင်ထဲအထိ သွားရောက်ကယ်ဆယ်ပေးခဲ့ဖူးပါတယ်။
စင်ကာပူလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် နေထိုင်ကြတဲ့ အစိုးရအိမ်ရာ (HDB) တွေကို စီမံခန့်ခွဲရတဲ့ မြို့နယ်ကောင်စီတွေကလည်း အခုဆိုရင် ပျားတွေကို မသတ်တော့ဘဲ သူ့ရဲ့ ပျားကယ်ဆယ်ရေးဝန်ဆောင်မှုကို စတင်အသုံးပြုလာကြပြီလို့ ချူက ပြောပါတယ်။ ဒါပေမဲ့ ဒီအလုပ်က အန္တရာယ်တော့ ရှိပါတယ်။
တစ်ခါက ကွန်ဒိုဝရံတာတစ်ခုမှာ ပျားတွေ ငြိမ်နေတယ်အထင်နဲ့ သွားကယ်ရင်း အတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။ လုံခြုံရေးကြိုးတွေကိုဖြုတ်ပြီး ထွက်ပြေးဖို့ ကြိုးစားရတဲ့ စက္ကန့် ၃၀ အတွင်းမှာပဲ ပျားအကောင် ၁၀၀ လောက် အုပ်စုလိုက် အဆိပ်ဆူးနဲ့ အထိုးခံခဲ့ရတာပါ။

“အဲ့ဒီအဖြစ်အပျက်က သဘာဝတရားကို လျှော့မတွက်ဖို့ သင်ခန်းစာရသွားစေတယ်” လို့ သူက ပြောပါတယ်။ အခုဆိုရင် သူက ပျားတွေရဲ့ စိတ်အခြေအနေကို သိရအောင် အစပိုင်းမှာ ပျားကာကွယ်ရေးဝတ်စုံမပါဘဲ အရင်ချဉ်းကပ်လေ့ရှိပြီး ပျားတွေ အရမ်းလှုပ်ရှားနေမှသာ ဝတ်စုံကို ဝတ်ဆင်ပါတယ်။
ချူဟာ ပျားကယ်ဆယ်ရေးအကြောင်းကို လူမှုကွန်ရက်ပေါ်မှာလည်း ဗီဒီယိုတွေတင်လေ့ရှိပြီး သူကိုယ်တိုင် စမတ်မျက်မှန် (Meta glasses) တပ်ပြီး ပျားဖမ်းနေတဲ့ ဗီဒီယိုတွေကြောင့် အခုဆိုရင် သူ့မှာ Follower ၂ သောင်းကျော် ရှိနေပါပြီ။”ပျားတွေသာမရှိရင် ကမ္ဘာပေါ်မှာ အသီးအနှံတွေ ရှားပါးသွားပြီး အသီးအနှံဈေးတွေ အရမ်းကြီးသွားလိမ့်မယ်။ ကျွန်တော်တို့ လူသားတွေ ရှင်သန်ဖို့အတွက် ပျားတွေအပေါ်မှာ အများကြီး မှီခိုနေရတာပါ” လို့ သူက ဆိုပါတယ်။
Ref: Relocating 6 million Singapore bees and counting, one nest at a time
NZ (ရိုးရာလေး)

