ဆင်းရဲနွမ်းပါးသူတွေအတွက် ဆံပင်ညှပ်တဲ့အလုပ်နဲ့ အလှူငွေရှာပေးနေသူ

29-7-2022-yyl06.jpg

တွမ် ဂေါ်ဇစ်ကီ က အငြိမ်းစားဆံပင်ညှပ်ဆရာတစ်ယောက်ပါ။ သူ့ရဲ့ဆံပင်ညှပ်ဆိုင်ကို လွန်ခဲ့တဲ့ (၂၃) နှစ်က ပိတ်ပစ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ တောင်အာဖရိကနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေရဲ့အကျိုးအတွက် ဆံပင်ညှပ်ပေးနေတုန်းပါပဲ။ အသက် ၈၇ နှစ်အရွယ် တွမ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက သူ့မိတ်ဆွေရဲ့မြေအောက်ခန်းမှာ ယာယီဆံပင်ညှပ်ဆိုင်လေးတစ်ခု ဖွင့်ထားပြီး အင်္ဂါနေ့မနက်တိုင်း ရပ်ကွက်ထဲကလူတွေကို ဆံပင်အလကားညှပ်ပေးပါတယ်။ ဒါပေမဲ့ သူ့ဆီ လာညှပ်တဲ့သူတွေကို သူတို့စေတနာရှိသလောက် ဖန်ဘူးထဲကို အလှူငွေထည့်ခိုင်းပါတယ်။ အလှူငွေမထည့်ချင်ရင်လည်း ရပါတယ်။

အဲဒီအလှူငွေတွေအားလုံးကို မင်နီဆိုးတားပြည်နယ်အခြေစိုက် Arm in Arm in Africa အဖွဲ့အစည်းဆီ ပေးအပ်တာပါ။ အဲဒီအဖွဲ့အစည်းမှာ တွမ်နဲ့သူ့ဇနီး မယ်ရီတို့က နှစ်တော်တော်ကြာ စေတနာ့ဝန်ထမ်းလုပ်ခဲ့တာပါ။ Arm in Arm in Africa က တောင်အာဖရိကရဲ့ဆင်းရဲနွမ်းပါးသူတွေကို အစားအစာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပညာရေးအခွင့်အလမ်းတွေနဲ့ ထောက်ပံ့ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ တွမ် ဆံပင်အလကားညှပ်ပေးလာခဲ့တဲ့ (၅) နှစ်အတွင်း အဲဒီအဖွဲ့အစည်းအတွက် ဒေါ်လာ ၁၀၀၀၀ ကျော် ရှာပေးနိုင်ခဲ့ပါတယ်။

တွမ်က သူ့ဘဝကို ဆံပင်ညှပ်ရင်းနဲ့ ဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်များစွာ ကြာပါပြီ။ ၁၉၅၂ ခုနှစ်က အမေရိကန်ရေတပ်ထဲဝင်ရောက်တဲ့အချိန်မှာ ဆံပင်ညှပ်နည်းကို သင်ယူခဲ့တာပါ။ ရေတပ်သင်္ဘောပေါ်မှာ ဆံပင်ညှပ်ဆရာတစ်ယောက် ဆံပင်ညှပ်ပေးတာကြည့်ရင်းနဲ့ စိတ်ဝင်စားလာခဲ့တယ်။ မကြာခင်မှာပဲ သင်္ဘောပေါ်မှာ ဆံပင်ညှပ်ပေးရတဲ့ ဆံပင်ညှပ်ဆရာဖြစ်လာခဲ့တယ်။ သ‌င်္ဘောပေါ်မှာ အိမ်သာသုံးပစ္စည်းတွေ၊ ဆေးလိပ်နဲ့ မုန့်တွေ ရောင်းချတဲ့ စတိုးဆိုင်တစ်ခုကိုလည်း ဖွင့်ခဲ့တယ်။

တွမ်နဲ့ တောင်အာဖရိကနိုင်ငံက ကလေးလေး


၁၉၅၆ ခုနှစ်မှာ ရေတပ်ကထွက်ပြီး မီနီရ်ပိုလစ်မြို့က ဆံပင်ညှပ်သင်တန်းကျောင်းကို တက်ရောက်ခဲ့တယ်။ အဲဒီနောက် တွမ်က Tom’s Barbershop လို့အမည်ရတဲ့ ဆံပင်ညှပ်ဆိုင်ကို ဖွင့်ခဲ့တယ်။ အဲဒီကနေစပြီး သူ့ကို “ဆံပင်ညှပ်ဆရာတွမ်”လို့ လူသိလာခဲ့တယ်။ ဆံပင်ညှပ်ဆိုင်ကို (၃၆) နှစ်ကြာ ဖွင့်ခဲ့တာပါ။

တွမ် အငြိမ်းစားယူခဲ့ပြီးနောက်မှာ သူ့ဇနီးနဲ့အတူ စေတနာ့ဝန်ထမ်းလုပ်ဖြစ်ခဲ့တယ်။ ဘုရားကျောင်းကနေတဆင့် Arm in Arm in Africa အဖွဲ့အစည်းအကြောင်း သိခဲ့ပြီး အဲဒီအဖွဲ့အစည်းမှာ ပါဝင်ဖြစ်ခဲ့တယ်။ အဖွဲ့အစည်းနဲ့အတူ တွမ်တို့ဇနီးမောင်နှံက တောင်အာဖရိကကို ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၅ခုနှစ်တွေမှာ (၂) ခေါက် အလည်သွားခဲ့ဖူးပါတယ်။ တောင်အာဖရိကက ဆင်းရဲနွမ်းပါးတဲ့လူအသိုက်အဝိုင်းကိုလည်း မျက်မြင်တွေ့ခဲ့ရတယ်။ တွမ်ကိုယ်တိုင်ကလည်း ဆင်းရဲတဲ့ဘဝကနေ ကြီးပြင်းလာခဲ့ရပြီး သူ့အမေက သူ့ကို တတ်နိုင်သလောက် အခြားသူတွေကို ကူညီပေးဖို့ သင်ပေးခဲ့တယ်။

တွမ်က တစ်ဖက်တစ်လမ်းကနေ သူ့တက်စွမ်းတဲ့ပညာနဲ့ အလှူငွေတွေ ရှာပေးခဲ့တာပါ။ တွမ်က အင်္ဂါနေ့တိုင်း မနက် ၁၀ နာရီနဲ့ ၁၁နာရီခွဲကြား ဆံပင်ညှပ်ပေးပါတယ်။ ဂျွန် ရစ်ချက်စ်ဆိုသူကတော့ ပုံမှန်ဖောက်သည်ပါပဲ။ သူက ဆံပင်လာညှပ်တိုင်း ဒေါ်လာ ၂၀ အမြဲလှူလေ့ရှိပါတယ်။ တွမ်က အမျိုးသမီးတွေရဲ့ဆံပင်စတိုင်တွေက ညှပ်ရတာ ရှုပ်ထွေးတာကြောင့် သူတို့ရဲ့ဆံပင်ကိုတော့ မညှပ်ပေးပါဘူး။ တွမ်က တောင်အာဖရိကကို နောက်ထပ်သွားမလည်နိုင်ပေမဲ့ သူ နှစ်သက်တဲ့ ဆံပင်ညှပ်တာ၊ အခြားသူတွေကူညီတာတွေလုပ်ရင်းနဲ့ တောင်အာဖရိကက လူတွေကို ဆက်ပြီးပံ့ပိုးကူညီသွားဖို့ စီစဉ်ထားပါတယ်။

Ref: Washingtonpost “Retired barber in Minn. cuts hair for donations — to feed the poor in South Africa”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top