မျိုးဆက်သစ်လူငယ်တွေ အတုယူသင့်တဲ့ နှလုံးလှတဲ့ကောင်လေး

yyl-25-012.jpg

အပေါ်ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားတဲ့သူတွေက ဟီးရိုးဖြစ်တယ်လို့ သတ်မှတ်လို့မရပါဘူး။ အပေါ်ဝတ်ရုံရှည်မဝတ်ဘဲ သူတို့လုပ်လိုက်တဲ့ ကောင်းမှုကုသိုလ်တွေကလည်း သူတို့ဟီးရိုးဆိုတာကို ပြောပြနေပါတယ်။ ဟီးရိုးနဲ့ပတ်သက်ပြီး မျိုးဆက်သစ်လူငယ်တွေ အတုယူလို့ရတဲ့ ဇာတ်လမ်းလေးကို ဒီအကြောင်းအရင်းလေးကနေ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ကလေးတွေက အရွယ်ရောက်ပြီးသားလူတွေမလုပ်ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ပါရမီရှိကြပါတယ်။ ရုရှားနိုင်ငံမှာ အဲဒီလိုပါရမီရှိတဲ့ ဟီးရိုးလို့တောင် သတ်မှတ်လို့ရတဲ့ အသက် (၉) နှစ်အရွယ် ကလေးလေးတစ်ယောက်ရှိပါတယ်။ သူကတော့ တိရစ္ဆာန်လေးတွေအတွက် ဟီးရိုးတစ်ယောက်ပေါ့။

အဲဒီကလေးလေးက အသက်က (၉) နှစ်ပေမယ့် ကြင်နာတရားထားတတ်တဲ့ နှလုံးလှတဲ့ကောင်လေးတစ်ယောက်ပါ။ သူဟာ ပါဗယ်လ် အက်ဘရာမို့ဗ် (Pavel Abramov) ဖြစ်ပြီး အာဇမက်ဆိုတဲ့ မြို့သေးသေးလေးမှာနေထိုင်တဲ့ လူငယ်ပန်းချီပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်ကျိုးအတွက် တိရစ္ဆာန်လေးတွေရဲ့ ပုံတူပန်းချီကိုရေးဆွဲပြီး ပိုက်ဆံရှာနေတဲ့ ကောင်လေးမဟုတ်ပါဘူး။ သူက လက်ရာမြောက်လှတဲ့ သူ့ရဲ့ပုံတူပန်းချီတွေကို တိရစ္ဆာန်တွေအတွက်အစားအစာ၊ လိုအပ်တဲ့ပစ္စည်းတွေနဲ့ လဲလှယ်တာဖြစ်ပါတယ်။ အဲဒီလို လဲလှယ်ပြီးတော့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေယာကို လှူဒါန်းပါတယ်။

ပါဗယ်လ် နဲ့ သူ့မိခင် အီကာတီရီးယား ဘိုရှာကိုဗာ (Ekateria Bolshakova) တို့က “Kind paintbrush” လို့အမည်ရတဲ့ ဒီပရောဂျက်ကို လွန်ခဲ့တဲ့ (၁) နှစ်ကတည်းက စတင်ခဲ့တာပါ။ သူ့ရဲ့အပေါင်းအဖော်ဖြစ်တဲ့ခွေးလေးကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ဒီလိုလုပ်ဖို့ အကြံရလာခဲ့တာပါ။ ဒါကြောင့် သူက မြို့လမ်းမပေါ်မှာ ယောင်လည်လည်သွားနေတဲ့ လေလွင့်ခွေးတွေကို လျစ်လျူရှုမထားနိုင်ခဲ့တာဖြစ်ပါတယ်။ တိရစ္ဆာန်တွေကို လိုအပ်တဲ့နေရာမှာ ကူညီလုပ်ကိုင်ပေးဖြစ်တာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ “What a little volunteer is capable of” လို့ခေါ်တဲ့ ရုရှားလူမှုကွန်ယက်ဆိုက် VK မှာလည်း သူတို့သားအမိက ပါဝင်ကူညီလုပ်ဆောင်ပေးနေတာပါ။

ပါဗယ်လ်က အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ပုံတူပန်းချီကို ဆွဲပေးပြီး အဲဒီတိရစ္ဆာန်တွေရဲ့ ပိုင်ရှင်ဆီကနေ ပုံဆွဲခအနေနဲ့ တိရစ္ဆာန် စောင့်ရှောက်ရေးဂေယာအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ရရှိပါတယ်။ သူက သူဆွဲပေးရတဲ့တိရစ္ဆာန်လေးတွေရဲ့ နာမည်ကိုမှတ်ထားလေ့ရှိပြီး ပန်းချီဆွဲပေးပြီးသွားရင်တောင် မကြာခဏ လာတွေ့ဖြစ်ပါတယ်။ ပုံတူပန်းချီဆွဲတဲ့အခါမှာ သူက တိရစ္ဆာန်လေးတွေရဲ့ပုံတွေကို အခြေခံပြီး ဆွဲတာပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူ့ပိုင်ရှင်တွေက ဘယ်လိုတွေ့ပြီး မွေးဖြစ်ခဲ့တာလဲဆိုတာကိုလည်း သူက အမြဲစိတ်ဝင်စားပါတယ်။ လမ်းဘေးကနေ ကယ်တင်ပြီး မွေးထားတဲ့ တိရစ္ဆာန်တွေရဲ့ ဇာတ်လမ်းတွေကိုလည်း သူသိရှိခဲ့ရပါတယ်။ ဒါက တိရစ္ဆာန်လေးတွေကို ကူညီပေးနေတဲ့ပရောဂျက်ကို ပိုပြီးအားစိုက်လုပ်စေခဲ့ပါတယ်။

ပါဗယ်လ်ရဲ့သတင်းက အာဇမတ်မြို့ကိုကျော်လွန်ပြီး ပျံ့နှံ့သွားခဲ့ပါတယ်။ ရုရှားနိုင်ငံတစ်ဝှမ်းက တိရစ္ဆာန်ချစ်သူတွေက ပရဟိတအစီအစဉ်မှာ ပါဝင်ရင်းနဲ့ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးရဲ့ ပုံတူပန်းချီကားတွေကို လိုချင်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ပါဗယ်ရဲ့အနုပညာလက်ရာက စပိန်၊ ဂျာမနီနဲ့ အခြားနေရာတွေအထိ ရောက်ရှိသွားခဲ့ပါတယ်။
အခုဆိုရင် ပါဗယ်လ်က အာဇမက်မြို့က ခွေး (၁၀၀) ကျော်ရှိတဲ့ တိရစ္ဆာန်ဂေယာရဲ့ အငယ်ဆုံးစေတနာ့ဝန်ထမ်း ဖြစ်နေပါပြီ။ သူ့ပန်းချီတွေနဲ့ လဲလှယ်တဲ့အခါမှာ ဂေယာမှာ လိုအပ်တဲ့အရာတွေပေါ်မူတည်ပြီး တောင်းဆိုဖြစ်တယ်လို့ သိရပါတယ်။

Ref: This 9-Year-Old Russian Boy ‘Sells’ His Custom Pet Paintings For Food And Supplies For Shelter Animals

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top