ရထားလမ်းပေါ် လဲကျနေသူကို ကူညီဖို့ကြိုးစားသူ ရထားတိုက်ခံရလို့ သေဆုံး

10-2-2022-yyl1.jpg

နှစ်သစ်ကူးနေ့က နယူးယော့ခ်မြို့မှာ အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မြေအောက်ရထားလမ်းပေါ် လဲကျသွားတဲ့ အမျိုးသားတစ်ယောက်ကို ကူညီဖို့ ကြိုးစားရင်း ကူညီလိုစိတ်ရှိသူတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

နှစ်သစ်ကူးနေ့ နံနက် ၂း၄၀ မိနစ်အချိန်က ဘရွန့်ဇ်ရပ်ကွက် ဖို့ဒ်ဟမ်းလမ်း မြေအောက်ဘူတာရုံရဲ့ တောင်ဘက်စင်္ကြံလမ်းပေါ်မှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဘေးကို လူတော်တော်များများ ချဉ်းကပ်လာခဲ့ကြတာလို့ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအုပ်စုက ဓားထုတ်ပြပြီး သူ့ကို တိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ တိုက်ခိုက်ခံရသူဟာ ရထားလမ်းပေါ် ကျသွားခဲ့ပါတယ်။ သူဟာ သူ့ဘာသာသူ ပြုတ်ကျသွားတာလား၊ တွန်းချခံရတာလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒီဖြစ်ရပ်ကို အမြင်မတော်တဲ့ ၃၆ နှစ်အရွယ် အမျိုးသားတစ်ယောက်က ရထားလမ်းပေါ် ခုန်ဆင်းပြီး တိုက်ခိုက်ခံရသူကို ကူညီဖို့ ကြိုးပမ်းချိန်မှာ ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့တာပါ။

ဒီဖြစ်ရပ်မှာ အုပ်စုဖွဲ့တိုက်ခိုက်ခံရသူက ရထားတိုက်ခံရခြင်းမရှိပါဘူး။ ဒါပေမဲ့ လက်မောင်းရိုး အက်သွားလို့ ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အုပ်စုဖွဲ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကတော့ ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ပါတယ်။ သူတို့ကို ခွဲခြားဖော်ထုတ်နိုင်ဖို့၊ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတဲ့ သက်သေတွေ ရှာဖွေနိုင်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာက စောင့်ကြည့်ကင်မရာဓာတ်ပုံတွေကို ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၈ ရက်အတွင်း ဘရွန့်ဇ်ရပ်ကွက် မြေအောက်ဘူတာရုံမှာ ပြစ်မှုမြောက်တဲ့ တိုက်ခိုက်မှု ၃၄ ခု ဖြစ်ပွားခဲ့တယ်လို့ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Ref: CNN “A good Samaritan died after trying to save a man who fell on the subway tracks in New York City”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top