ထိန်းကျောင်းပေးခဲ့တဲ့ရဲအရာရှိနဲ့ ပြန်ဆုံတွေ့ခွင့်ရလို့ မျက်ရည်စို့ခဲ့ရတဲ့ အငြိမ်းစားရဲခွေး

11-1-2021-yyl-07.jpg

တိရစ္ဆာန်တွေထဲမှာ ခွေးတွေကလည်း သူတို့နဲ့အတူနေခဲ့ဖူးတဲ့၊ သူတို့ကို ထိန်းကျောင်းပေးတဲ့သူတွေနဲ့ ဝေးသွားလည်းပဲ ပြန်ဆုံတွေ့တဲ့အခါမှာ မမေ့ဘဲ မှတ်မိနေတတ်ကြပါတယ်။ အဲဒီလိုပဲ တရုတ်နိုင်ငံက အငြိမ်းစားယူသွားခဲ့တဲ့ ရဲခွေးတစ်ကောင်ကလည်း သူ့ကို ထိန်းခဲ့တဲ့ရဲအရာရှိနဲ့ ပြန်ဆုံတွေ့တဲ့အခါမှာတော့ ပျော်လွန်းလို့ မျက်ရည်ကျခဲ့တဲ့အခိုက်အတန့်ရှိခဲ့ပါတယ်။ အဲဒီမြင်ကွင်းက မြင်တွေ့ရသူတွေတိုင်းကို ပီတိဖြစ်စေခဲ့သလို စိတ်မကောင်းလည်းဖြစ်သွားစေခဲ့ပါတယ်။

အသက် (၈) နှစ်အရွယ် ဂျာမန်သိုးထိန်းခွေးအမျိုးအစား ဝမ်ဝမ် ဆိုတဲ့ခွေးလေးဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟယ်နန်ပြည်နယ်က လုံခြုံရေးစစ်ဆေးရေးဂိတ်တွေမှာ အနံ့ခံခွေးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် ဇွန်လမှာတော့ အငြိမ်းစားယူခဲ့ပြီး သူ ထာဝရနေထိုင်သွားမယ့် အိမ်နဲ့ သူ့ကို စောင့်ရှောက်ပေးမယ့်သခင်ကို တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်မှာ သူ့နဲ့အတူတူအလုပ်တွဲလုပ်ခဲ့တဲ့၊ သူ့ကို ထိန်းကျောင်းပေးခဲ့တဲ့ ရဲအရာရှိနဲ့ကွဲသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့လကတော့ ဝမ်ဝမ်ကို ထိန်းပေးခဲ့သူက သူ့ဆီ အလည်လာခဲ့ပါတယ်။ ရဲခွေးထိန်းပေးသူ အလည်လာတော့ ဝမ်ဝမ် ဖြစ်သွားခဲ့ပုံကို Xichan Police ရဲ့ Douyin TikTok အကောင့်မှာ မျှဝေခဲ့ပါတယ်။ အဲဒီTikTok ဗီဒီယိုမှာ ဝမ်ဝမ်ရဲ့အိမ်အပြင်ဘက်ကနေ ရဲအရာရှိက ခေါ်နေတာကို မြင်တွေ့ခဲ့ရတာပါ။

အဲဒီအချိန်မှာ ဝမ်ဝမ်က အိမ်ထဲကနေ ပြေးထွက်လာပြီး ရဲခွေးထိန်းအရာရှိရဲ့လက်မောင်းထဲကို တိုးဝှေ့ခဲ့ပါတယ်။ ရဲအရာရှိရဲ့ခြေထောက်ကို ဝမ်ဝမ်က ပွတ်သပ်ပြီး မျက်ရည်ကျနေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ခွေးထိန်းရဲအရာရှိနဲ့အတူပါလာတဲ့ ကင်းလှည့်အဖွဲ့က ရဲကားဆီပြန်သွားဖို့ လုပ်တဲ့အခါမှာတော့ ဝမ်ဝမ်ဟာ သူတို့ကို သွားခွင့်မပြုဘဲ ရဲခွေးထိန်းပေးသူရဲ့ဘေးမှာပဲ ထိုင်နေခဲ့ပါတယ်။ “ဝမ်ဝမ်ရဲ့အမွေးတွေက အဖြူရောင်ပြောင်းနေပေမဲ့ ကောင်းကောင်းစားသောက်ရလို့ ဝလာနေပါပြီ” လို့ Video မှာ ရေးသားထားပါတယ်။

အဲဒီဗီဒီယိုကိုမြင်တွေ့ခဲ့ရတဲ့ ကြည့်ရှုသူတွေရက ပီတိဖြစ်ခဲ့ရတဲ့အပြင် ဝမ်းနည်းသလိုလည်းခံစားခဲ့ကြရပါတယ်။ တချို့ကြည့်ရှုသူတွေက ဝမ်ဝမ်ကို သူ့ရဲ့ထိန်းကျောင်းသူနဲ့ ဘာလို့နေခွင့်မပေးတာလဲလို့ သိချင်နေကြတာပါ။ အဲဒီမေးခွန်းကို Xichan Police က အခုလိုဖြေကြားပေးထားပါတယ်။ “ရဲခွေးတွေကို လေ့ကျင့်ရေးစင်တာမှာ ကောင်းကောင်းကျွေးမွေးကြပေမဲ့ ရဲဝန်ထမ်းတွေက အငြိမ်းစားယူထားတဲ့ခွေးတွေကို လေ့ကျင့်ပေးဖို့၊ ကစားပေးဖို့၊ အဖော်ပြုပေးဖို့ အချိန်ပေးလို့မရကြပါဘူး။ သူတို့ကို လေ့ကျင့်ရေးစင်တာမှာ နေခိုင်းတာထက် သူတို့ကို စောင့်ရှောက်ပေးနိုင်မယ့် မိသားစုနဲ့နေတာ ပိုကောင်းပါတယ်” လို့ ဆိုပါတယ်။

Ref: Dailystar “Retired German shepherd police dog ‘cries’ after being reunited with handler”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top