အမီတာဘက်ချမ်းတို့မိသားစု COVID-19 ရောဂါကနေ ပြန်ကောင်းမွန်လာဖို့ ပရိသတ်တွေ ဆုတောင်းခဲ့ကြ

14-7-2020-yyl-022.jpg

တနင်္လာနေ့က အိန္ဒိယနိုင်ငံတစ်ဝှမ်းမှ ပရိသတ်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ဘောလိဝုဒ်လောကရဲ့နာမည်ကျော်မင်းသားကြီး အမီတာဘက်ချမ်းနဲ့ သူ့ရဲ့မိသားစုဝင်တွေကို ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်းနဲ့ ကူးစက်ခံရသူများလာတဲ့အတွက်ကြောင့် အိန္ဒိယပရိသတ်တွေက စိုးရိမ်ပူနေကြတာပါ။ အမီတာဘက်ချမ်းနဲ့ သူ့သား အဘီရှစ်ခ် ဘက်ချမ်းတို့ COVID-19 ကူးစက်ခံခဲ့ရတဲ့အပြင် အဘီရှစ်ခ်ရဲ့ဇနီး အက်ရှ်ဝါရာရိုင်း ဘချမ်းနဲ့ သူ့သမီးတို့ကလည်း ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

အမီတာဘက်ချမ်းနဲ့ သူ့သားတို့က မွန်ဘိုင်းဆေးရုံမှာ ကုသမှုခံယူနေရပြီး ချွေးမနဲ့မြေးတို့ကတော့ အိမ်မှာပဲ Quarantine ခံယူနေရပါတယ်။ ဘက်ချမ်းတို့မိသားစုက ချမ်းသာကြွယ်ဝပြီး နာမည်ကျော်တဲ့သူတွေဖြစ်တဲ့အတွက် ရောဂါကူးစက်ခံလိုက်ရတာကြောင့် ပရိသတ်တွေ တအံ့တသြဖြစ်ခဲ့ကြရပါတယ်။ အမီတာဘက်ချမ်းနဲ့ သူ့မိသားစုကို ချစ်ခင်မြတ်နိုးကြတဲ့ ပရိသတ်တွေက သူတို့ ပြန်လည်ကောင်းမွန်လာဖို့အတွက် ဟိန္ဒူဓလေ့နဲ့ ဘုရားကျောင်းတွေမှာ ဆုတောင်းပေးခဲ့ကြပါတယ်။ ပန်းချီပညာရှင်တွေကလည်း ရောဂါကူးစက်ခံနေရတဲ့ အမီတာဘက်ချမ်းတို့ မိသားစုရဲ့ပုံတူပန်းချီကားတွေကိုလည်း ဖန်တီးခဲ့ကြပါတယ်။ “အမီတာဘက်ချမ်း နေမကောင်းဖြစ်နေတဲ့အတွက်ရော မျိုးဆက်အကုန်လုံးနီးပါးလည်း နေမကောင်းဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်”လို့ All Bengal Amitabh Bachchan Fans အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အမီတာဘက်ချမ်းနဲ့ သူ့သားတို့ ဆေးကုသမှုခံယူနေတဲ့ Nanavati Hospital ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူတို့အကြောင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားခဲ့ခြင်းမရှိပေမယ့် သူ့မိသားစုက နောက်ဆုံးရသတင်းတွေကို ပြောပြပါလိမ့်မယ်လို့တော့ ပြောပါတယ်။ တနင်္လာနေ့ ညနေ့ပိုင်းအထိ သူတို့မိသားစုဆီကနေ ဘာသတင်းမှ မသိရှိရသေးပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအာဏာပိုင်တွေက သူတို့သားအဖ (၂) ဦး အခြေအနေတည်ငြိမ်သွားပြီလို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အမီတာဘက်ချမ်းတို့က နာမည်ကြီးတွေဖြစ်တဲ့အတွက် ချက်ချင်းတော့ ကောင်းကောင်းကုသမှုခံယူရနိုင်ပါတယ်လို့ တချို့လူတွေကပြောကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့မြို့တော်တော်များများမှာ ဆေးရုံနေရာပြတ်လပ်တာ၊ ဆေးဝါးပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်နိုင်ငံက တွစ်တာအသုံးပြုသူတစ်ဦးကလည်း ဘချမ်းတို့မိသားစု COVID-19 ရောဂါကနေ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံကဆင်းနိုင်ဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယနိုင်ငံကလည်း အမေရိကန်နိုင်ငံ၊ ဘရားဇီးနိုင်ငံတို့နဲ့အတူ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ ထိပ်ပိုင်းနေရာ ရပ်တည်နေပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသသူ (၉၀၇၆၄၅) ဦး နဲ့ သေဆုံးသူ (၂၃၇၂၇) ဦးတို့ရှိနေပါပြီ။ အိန္ဒိယနိုင်ငံက စီးပွားရေးပြန်လည်လည်ပတ်နိုင်ဖို့အတွက် လတော်တော်ကြာ Lockdown ချထားတာကို မေလကုန်မှာ ဖြေလျော့ပေးပြီးတဲ့နောက်မှာ COVID-19 ရောဂါက မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

Ref: Reuter Fans in India pray for Bollywood’s Bachchans to recover from COVID-19


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top