မြေအိုးထဲထည့်ပြီး အရှင်လတ်လတ် မြှုပ်ခံရတဲ့ ကလေးငယ် အသက်လုနေရ

yyl-18-006.jpg

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မြေအိုးထဲထည့်ပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့ ကလေးငယ်ဟာ အသက်လုနေတုန်းပဲလို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။ ရွာသားတစ်ယောက်က အသေမွေးဖွားလာတဲ့ သူ့သမီးလေးကို မြေမြှုပ်ဖို့ မြေကျင်းတူးရာကနေ မြေကျင်းတိမ်တိမ်မှာ မြှုပ်ခံထားရတဲ့ မွေးကင်းစ မိန်းကလေးငယ်ကို တွေ့ရှိခဲ့တာပါ။

”သူတို့က ၃ ပေလောက် မြေတူးချိန်မှာ မြေအိုးတစ်လုံးကို ထိုးခွဲမိပြီး ကလေးငိုသံကြားခဲ့ရတာပါ။ မြေအိုးကို ဆွဲထုတ်လိုက်တော့ မွေးကင်းစကလေးငယ်ကို တွေ့ရပါတယ်”လို့ ဘာရိုင်လီခရိုင် ရဲအရာရှိ အဘီနန်ဒန်ဆင်းဂျ်က ပြောပါတယ်။ ကလေးငယ်ဟာ သွေးအတွင်း ရောဂါပိုးကူးစက်မှု၊ အန္တရာယ်ဖြစ်စေလောက်အောင် သွေးဥမွှားနည်းပါးမှု စတဲ့ အခြေအနေတွေကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတုန်းပဲလို့ ကလေးဆရာဝန် ရာဝီခန်နာက ပြောပါတယ်။

မြေကျင်းတိမ်တိမ်ထဲမှာ မြေအိုးထဲထည့်၊ အဝတ်အိတ်နဲ့ပတ်ပြီး မြှုပ်ထားတဲ့ မွေးကင်းစကလေးငယ်ကိစ္စက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပေမဲ့ ကလေးငယ်နဲ့ပတ်သက်သူ တစ်ယောက်မျှ ရောက်လာခြင်းမရှိလို့ ဒီဖြစ်ရပ်မှာ ကလေးမိဘတွေ ပါဝင်ပတ်သက်နေလိမ့်မယ်လို့ အဘီနန်ဒန်ဆင်းဂျ်က ပြောပါတယ်။ ကလေးငယ်ကို ဒေသန္တာရဆေးရုံ ပို့ဆောင်ခဲ့ပြီး မွေးကင်းစကလေးငယ် အထူးကြပ်မတ်ကုသဆောင်ကို တင်ပို့ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စက်ပစ္စည်းကိရိယာ ပိုစုံလင်တဲ့ ကလေးဆေးရုံကို တင်ပို့ခဲ့ပါတယ်။ ကလေးငယ်က ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ်(၃၀)မှာ လမစေ့ဘဲ မွေးဖွားလာပြီး ကိုယ်အလေးချိန် ၂.၄ ပေါင်ပဲ ရှိတယ်လို့ ကလေးဆေးရုံရဲ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ကလေးငယ်ဟာ ချိနဲ့ပိန်လှီနေပြီး ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းနေလို့ အထူးကြပ်မတ်ကုသနေရပြီး ပိုက်ကနေ နို့သွင်းပေးနေရပါတယ်။ ကလေးငယ်ကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သူတွေကို မဖော်ထုတ်နိုင်သေးပေမဲ့ သူတို့ကို ပြစ်မှုဆိုင်ရာနဲ့ အမှုဖွင့်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top