စာအုပ်အဟောင်းရောင်းတဲ့လုပ်ငန်းလုပ်ပြီး ကျောင်းသားချေးငွေတွေကို ပြန်ဆပ်ခဲ့တဲ့ ကောလိပ်ဘွဲ့ရတစ်ဉီး

1-6-2022-yyl09.jpg

နယူးဂျာစီပြည်နယ်က ပါသီခ် အိုဇာဟာ ၂၀၁၈ ခုနှစ်မှာ ကျောင်းသားချေးငွေ ဒေါ်လာ ၇၀၀၀၀နဲ့ ပညာသင်ယူခဲ့တဲ့ Rutgers University ကနေ ဝိဇ္ဇာဘွဲ့ရရှိခဲ့တယ်။ ပါသီခ်က ဆေးကျောင်းမတက်ခင် နောက်ထပ်ဘွဲ့တစ်ခုအနေနဲ့ အဲဒီဘွဲ့ယူဖို့ လုပ်ခဲ့တာပါ။

တက္ကသိုလ်တက်​နေတဲ့အချိန် တစ်နေ့သား ပါသီခ် လမ်းလျှောက်နေတုန်း လမ်းမှာ စာအုပ်တွေ လွှတ်ပစ်ထားတာမြင်ခဲ့တယ်။ ဘာလို့ စာအုပ်တွေကို လွှတ်ပစ်ထားတာပါလိမ့်၊ ဒါတွေလိုအပ်တဲ့သူတွေကို ပြန်လည်ဝေငှါလို့ရနိုင်တယ်လို့ သူ တွေးမိခဲ့တယ်။ ဒါကြောင့် အသုံးမလိုတော့တဲ့စာအုပ်တွေ၊ စာအုပ်အဟောင်းတွေကို စုဆောင်းရတဲ့ ပရဟိတအလုပ်ကို စလုပ်ဖြစ်ခဲ့တယ်။

စုဆောင်းထားတဲ့စာအုပ်အဟောင်းတွေကို ဒေသတွင်းစာကြည့်တိုက်တွေ၊ ကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ ကလေးဆေးရုံတွေကို ​​ဖြန့်ဝေတာက စီးပွားရေးအခွင့်အလမ်းသစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ စာအုပ်တွေ တောင်းဆိုတဲ့ပမာဏတိုးလာသလို သူ့ရဲ့ဝန်ဆောင်မှုကိုလည်း တောင်းဆိုမှုများလာခဲ့ပါတယ်။ အဲဒါကြောင့် စာအုပ်တွေ ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

Amazon အကောင့်တစ်ခုစဖွင့်ခဲ့ပြီး သူ့ရဲ့လုပ်ငန်းကို O3 Books လို့ အမည်ပေးခဲ့တယ်။ အမြတ်တွေရလာပြီး လုပ်ငန်းတိုးတက်လာခဲ့တယ်။ တစ်လအတွင်း Amazon သိုလှောင်ရုံမှာ စာအုပ် ၁၀၀၀ ကနေ ၂၀၀၀ လောက်အထိ ရှိခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းကြီးထွားလာခဲ့တယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်​ရောဂါအတွင်း ပါသီဇ်က ဝက်ဆိုဒ်တစ်ခုထောင်ပြီး Etsy ဆိုင်ကို ဖွင့်ကာ လုပ်ငန်းချဲ့ထွင်ခဲ့တယ်။ အလှဆင်နည်းစာအုပ်အစုံလိုက်တွေ၊ ပြန်လည်ဒီဇိုင်းထွင်ထားတဲ့ စာအုပ်အပေါ်ဖုံးတွေနဲ့စာအုပ်တွေအတွက် ဝယ်လိုအားများတာကိုလည်း သူ တွေ့ခဲ့တယ်။ ၂၀၂၀ ခုနှစ်ကုန်ပိုင်းမှာ ပါသီဇ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းကနေ ဒေါ်လာ ၁၁၅,၀၀၀ ရခဲ့ပြီး ကျောင်းသားချေးငွေတွေကို အပြည့်အဝပြန်ဆပ်နိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ပါသီဇ်က ချေးငွေတွေကို ပြန်ဆပ်နိုင်ရုံသာမက သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုလည်း အရှိန်မြှင့်တင်နိုင်ခဲ့ပါတယ်။ ငွေရေးကြေးရေးအကြောင်းကိုလည်း တော်တော်လေး သင်ယူခဲ့ရပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ပါသီဇ်ရဲ့ O3 Books အောင်မြင်မှုက အခြားချေးငွေထုတ်ယူဖို့ အတားအဆီးတွေမရှိဘဲ ဒုတိယဘွဲ့အတွက် ငွေကို အပြည့်အဝပေးနိုင်နေပါပြီ။

ပါသီဇ်က ကွန်ပျူတာသိပ္ပံဘွဲ့ရဖို့ လုပ်နေပါတယ်။ အနာဂတ်မှာ ဆေးကျောင်းချေးငွေက များပြားမယ်ဆိုတဲ့အတွေးက သူ့မှာရှိခဲ့တဲ့ အကြွေးတွေကို ဆပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ချေးငွေဆပ်ဖို့ နည်းလမ်းရှာနေတဲ့ အခြားကျောင်းသားတွေအတွက် အသေးစားလုပ်ငန်းစတင်တဲ့ရွေးချယ်မှုက ကောင်းတဲ့အကြံဉာဏ်ဖြစ််တယ်လို့ ပါသီဇ်က ပြောပါတယ်။ Amazon နဲ့ Etsy တို့လို အွန်လိုင်းစျေးကွက်တွေကို ကောင်းကောင်းအသုံးချဖို့လည်း သူက အကြံပြုထားပါတယ်။

သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးတိုးတက်လာမှုက သူ့ကို ငွေကြေးပိုင်းဆိုင်ရာတတ်မြောက်မှုတွေ ပေးစွမ်းတာကြောင့် ငွေစုဆောင်းတာနဲ့ ရင်းနှီးမြုပ်နှံတာက အမြဲတမ်းအကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။ ပါသီဇ်က တစ်နေ့ကျ အပိုဝင်ငွေရဖို့အတွက် O3 Books ကို မိဘတွေနဲ့ ထားဖို့ မျှော်လင့်ထားပါတယ်။

သူက ကျောင်းသားချေးငွေဆပ်ဖို့ အပိုဝင်ငွေလိုအပ်တဲ့ လူတွေကိုလည်း နည်းလမ်းတွေ မျှဝေခဲ့ပါတယ်။ သူက “ကျွန်တော်က အချိန်ပိုင်းအလုပ်လုပ်ဖို့ အကြံပြုမှာပါ။ မင်းမှာ အဲလောက်အချိန်အများကြီးမရှိရင် မင်းမှာရှိတဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ ငွေရှာပါ။ စျေးကွက်ချဲ့ထွင်တာ၊ အနုပညာဖန်တီးတာ၊ ဝက်ဘ်ဒီဇိုင်း၊ အက်ပလီးကေးရှင်းဖန်တီးတာ (သို့) စာသင်ကြားတာတွေလို ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။

မင်းရဲ့အရည်အချင်းအတွက် စျေးကွက်တစ်ခုရှိပြီး မင်းရဲ့ကျွမ်းကျင်မှုတွေ ပြသဖို့ မင်း အသုံးချလို့ရတဲ့ ပလက်ဖောင်းတွေ အများကြီးရှိပါတယ်။ ဥပမာ..အင်စတာဂရမ်က အနုပညာလက်ရာကို ပြသဖို့ ပန်းချီပညာရှင်တွေအတွက် အကောင်းဆုံးနေရာပါ။ မင်းအားတဲ့အချိန် လုပ်လို့ရတယ်။ လူမှုကွန်ယက်က မင်းရဲ့ကျွမ်းကျင်မှုကို ပြဖို့၊ ဝင်ငွေရဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးထားပါတယ်။ မင်း ဒါတွေလုပ်မယ်ဆိုရင် တတ်နိုင်သလောက် အသုံးစရိတ်တွေကို လျှော့ဖို့ ကြိုးစားပါ”တဲ့။

Ref: FoxNews “NJ college graduate pays off $70K in student loans by starting used book business”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top