တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ချိန်မှာ ဂျပန်ခိုလှုံရေးစခန်းက အိမ်ရာမဲ့အမျိုးသား(၂)ယောက်ကို မောင်းထုတ်

yyl-18-007.jpg

ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်(၆)ခုအတွင်း အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေတုန်း ခိုလှုံရေးစခန်းတစ်ခုက အိမ်ရာမဲ့အမျိုးသား(၂)ယောက်ကို မောင်းထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ဂျပန်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်တိုက်ခတ်လို့ တစ်နာရီ မိုင် ၁၄၀ နှုန်းအထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။ အဲဒီအတွက် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၇ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ နံနက်ပိုင်းက တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ် တိုက်ခတ်နေချိန်မှာ တိုကျိုမြို့မှာရှိတဲ့ ခိုလှုံရေးစခန်းက အသက်(၆၄)နှစ်အရွယ် အိမ်ရာမဲ့အမျိုးသားကို ခိုလှုံခွင့်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ခိုလှုံရေးစခန်း တာဝန်ရှိသူတွေက အဲဒီအမျိုးသားကို အမည်၊ နေရပ်လိပ်စာ ရေးခိုင်းခဲ့ပါတယ်။ ” ဟော့ကိုင်ဒိုကျွန်း(တိုကျိုမြို့ကနေ မိုင်ရာချီဝေးသည်)မှာနေတဲ့ လိပ်စာတော့ရှိတယ်လို့ ကျွန်တော် ပြောတယ်။ ဒါပေမဲ့ သူတို့က လက်မခံဘူး”လို့ အဲဒီအမျိုးသားက ပြောပါတယ်။ ခိုလှုံရေးစခန်းက လက်မခံတဲ့အတွက် အဲဒီအမျိုးသားက နေအိမ်တံစက်မြိတ်အောက်မှာ ထီးတစ်ချောင်းနဲ့ ညလုံးပေါက်ခိုလှုံခဲ့ရပါတယ်။ အဲဒီနေ့ မွန်းလွဲပိုင်းမှာလည်း နောက်ထပ်အိမ်ရာမဲ့ အမျိုးသားတစ်ယောက်ကို ခိုလှုံရေးစခန်းက မောင်းထုတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ခိုလှုံရေးစခန်း တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အပေါ် ခံပြင်းမိတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ ခိုလှုံရေးစခန်း ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဟာ တိုင်တိုရပ်ကွက်မှာ တည်ရှိပါတယ်။ တိုင်တိုရပ်ကွက်ထဲမှာရှိတဲ့ ဆန်ယာအပိုင်ဟာ အရင်တုန်းက ကျပန်းအလုပ်သမားတွေ နေထိုင်ခဲ့ပြီး အခုအချိန်မှာတော့ အိမ်ရာမဲ့တွေ နေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက အစိုးရရဲ့စစ်တမ်းကောက်ယူမှုအရ ဂျပန်နိုင်ငံမှာ အိမ်ရာမဲ့ ၄၅၅၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top