ဒီပန်းချီကားက ယူရိုသန်း(၃၀) ပေးရတယ်။ ပန်းချီကားနောက်ကွယ်က ဖြစ်ရပ်ဟာ စိတ်နှလုံးကို ထိရှစေတယ်။ ပေါင်မုန့်တစ်ချပ် ခိုးယူမိလို့ ဒဏ်ခတ်တဲ့အနေနဲ့ အစာငတ်သေအောင် ထောင်သွင်းအကျဉ်းချခံရတဲ့ ဖခင်ကို သမီးက နို့တိုက်ကျွေးနေတာလို့ ဆိုတယ်။
အဖေနာမည်က ဆိုင်မွန်၊ သမီးနာမည်က ပီရို။ သူ့အဖေကို လာတွေ့ခွင့်ရတာ ပီရို တစ်ယောက်တည်း ရှိတယ်။ ပီရိုက အစားအစာ ဝှက်ယူလာပြီးကျွေးလို့ မိခဲ့ရင် တွေ့ခွင့်ပိတ်ခံရမှာ စိုးရိမ်တယ်။ ဒါပေမဲ့ အဖေကို ချစ်တဲ့စိတ်၊ အဖေ့အသက်ကို ကယ်ပေးချင်တဲ့စိတ်ကြောင့် နို့တိုက်ကျွေးတယ်။
အစာမကျွေးဘဲ ထောင်သွင်းအကျဉ်းချထားတာ ၄ လကြာလာတဲ့အထိ ဆိုင်မွန်က အားအင်ပြတ်လပ် ချိနဲ့လာတာမျိုးမရှိလို့ ထောင်အာဏာပိုင်တွေက သံသယဖြစ်လာကြတယ်။ ဒီတော့ ပီရို ဧည့်တွေ့လာတဲ့အခါ ချောင်းကြည့်တော့မှ ဒီအဖြစ်ကို သိသွားလို့ တရားရုံးကို ပို့တယ်တရားသူကြီးတွေက ဒီအကြောင်း ကြားတဲ့အခါ အဖေအပေါ်ချစ်တဲ့ ပီရိုရဲ့မေတ္တာကို ကရုဏာသက်ဝင်ပြီး ဆိုင်မွန်ကို ပြစ်ဒဏ်က လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကို ၁ ရာစု လက်တင်စာရေးဆရာ ဗယ်လာရီယက်စ်မက်ဆီမက်က Nine Books of Memorable Acts and Sayings of the Ancient Romans မှာ ရေးသားခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ဥရောပရဲ့ပန်းချီဆရာတွေက ၁၇ ရာစုနဲ့ ၁၈ ရာစုအတွင်း အမျိုးမျိုးပုံဖော်ရေးဆွဲခဲ့ကြဖူးပါတယ်။ Roman Kindness လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားကို ပြင်သစ်နိုင်ငံမှာ လူဝီ(၁၄)ဘုရင် အုပ်ချုပ်ခဲ့တဲ့ကာလမှာ ရေးဆွဲတယ်လို့ ဆိုပါတယ်။ ဒါဟာ ရှေးခေတ်ရိုမန်တွေရဲ့ကျင့်ဝတ်ဆိုင်ရာ စံနမူနာတစ်ခုလည်း ဖြစ်ခဲ့တယ်။
Ref: Roman Charity, Valerius Maximus
NZ (ရိုးရာလေး)