စက်ရုပ်တစ်ရုပ်ကို သဘာဝကျကျရယ်မောတတ်အောင် သုတေသီတွေ သင်ကြားပေး

16-9-2022-yyl-01.jpg

ယနေ့ခေတ်မှာ စက်ရုပ်နယ်ပယ်က ကျယ်ပြန့်လာပြီး သူတို့ကို ပိုပြီးလူသားဆန်လာအောင် သုတေသီတွေက လုပ်ဆောင်နေကြပါတယ်။ အခုဆို သုတေသီတွေက စက်ရုပ်တွေကို ရယ်မောနည်းတောင် သင်ကြားပေးခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်က သုတေသီတွေဟာ ဉာဏ်ရည်တုစနစ်အကူအညီနဲ့ ဒါကို လုပ်ဆောင်ခဲ့တာပါ။ ဉာဏ်ရည်တုစနစ်က စက်ရုပ်တွေကို သဘာဝအတိုင်း ရယ်မောနည်းအကြောင်းအပြင် ကျယ်လောင်စွာရယ်မောတာနဲ့ ညင်ညင်သာသာရယ်မောတာကြား ကွာခြားချက်တွေကိုလည်း သင်ကြားပေးပါတယ်။

အဲရစ်ကာလို့ အမည်ရတဲ့ စက်ရုပ်တစ်ရုပ်ကို သင်ကြားပေးနေတာပါ။ လူသားတွေနဲ့ဆက်သွယ်ရာမှာ ပိုပြီးသဘာဝကျတဲ့စကားပြောဆိုမှုတွေ ပြုလုပ်ဖို့ လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။

“စကားပြောဆိုမှုဆိုင်ရာဉာဏ်ရည်တုစနစ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေထဲကတစ်ခုက စာနာနားလည်မှုလို့ ကျွန်တော်တို့ ထင်တယ်။ ဒါကြောင့် စက်ရုပ်တစ်ရုပ်က အသုံးပြုသူတွေနဲ့အတူ စာနာနားလည်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုက သူတို့ရဲ့ရယ်မောပျော်ရွှင်မှုကို မျှဝေဖို့ဖြစ်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်”လို့ တက္ကသိုလ်ရဲ့လက်ထောက်ပါမောက္ခ ဒေါက်တာ ခိုဂျီ အီနိုအုအဲက ပြောပါတယ်။

ရယ်မောတာကို ရှာဖွေပေးဖို့နဲ့ ရယ်နေတာလား၊ ဘယ်လိုရယ်တာက သင့်လျော်မလဲဆိုတာကို ဆုံးဖြတ်ပေးဖို့အတွက် ဉာဏ်ရည်တုစနစ်ကို အသုံးပြုထားတဲ့ “မျှဝေရယ်မောခြင်း” ဆိုတဲ့ ပုံစံငယ်ကို သုတေသီတွေက အသုံးပြုခဲ့ပါတယ်။ ဉာဏ်ရည်တုစနစ်စမ်းသပ်ဖို့အတွက် တကယ့်လူသားတွေနဲ့ အဲရစ်ကာကြား ကြာမြင့်ချိန် နှစ်မိနစ်ကနေ သုံးမိနစ်အထိ တိုတောင်းလှတဲ့ အပြန်အလှန်စကားပြောဆိုမှု(၄) ခုလုပ်ခဲ့ပါတယ်။ ဒီနည်းက အနည်းငယ်အောင်မြင်ပေမဲ့ သုတေသီတွေက ပိုပြီးသဘာဝကျတဲ့ရယ်မောတာလို အခြေအနေတစ်ခုကို ဖန်တီးဖို့ လိုအပ်တယ်လို့ ယူဆခဲ့ပါတယ်။

“စက်ရုပ်တွေက တကယ်တော့ ထူးခြားတဲ့စရိုက်လက္ခဏာရှိသင့်ပြီး သူတို့တွေက ရယ်မောတာ၊ မျက်လုံးစိုက်ကြည့်တာ၊ အမူအရာပြတာနဲ့ စကားပြောဟန်လို သူတို့ရဲ့စကားပြောဆိုမှုဆိုင်ရာအပြုအမူတွေကတဆင့် ဒါကို ပြနိုင်တယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဒါက လွယ်ကူတဲ့ပြဿနာတစ်ခုလို့ ကျွန်တော်တို့ မထင်ဘူး။ သူငယ်ချင်းတစ်ယောက်လို စက်ရုပ်တစ်ရုပ်နဲ့ စကားစမြည်ပြောလို့မရခင် (၁၀) နှစ်ကနေ အနှစ် (၂၀) ကျော်လောက်အထိ ကြာရင်ကြာနိုင်ပါတယ်”လို့ ဒေါက်တာ ခိုဂျီ ဆိုပါတယ်။

Ref: Researchers Taught A Robot To Laugh At Human Jokes Naturally

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top