အမေရိကန်ရေတပ်ရဲ့ အင်အားအကြီးဆုံးလက်နက်ကိရိယာတစ်ခုကို ဂူအမ်ကျွန်းမှာ မြင်တွေ့ရ

16-2-2022-yyl9.jpg

ပြီးခဲ့တဲ့အားလပ်ရက်က အမေရိကန်ရေတပ်ရဲ့ အင်အားအကြီးဆုံး ရေငုပ်သင်္ဘောတစ်စင်း ဂူအမ်ကျွန်းကို ဆိုက်ကပ်လာခဲ့တာဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း တင်းမာမှုတွေ မြင့်တက်နေချိန် မဟာမိတ်တွေကိုရော၊ ရန်သူတွေကိုပါ အချက်ပြလိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ခဲ့ပါတယ်။

Trident ပဲ့ထိန်းဒုံးကျည် ၂၀ ၊ နျူကလီးယားထိပ်ဖူး ဒါဇင်ပေါင်းများစွာ တင်ဆောင်လာတဲ့ Ohio-class နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS Nevada ဟာ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းရဲ့ ရေတပ်အခြေစိုက်စခန်းကို ပြီးခဲ့တဲ့စနေနေ့မှာ ဆိုက်ကပ်ခဲ့တာပါ။ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစ်စင်း ဂူအမ်ကျွန်းကု ဆိုက်ကပ်လာခဲ့တာဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ် ( တရားဝင်ကြေညာ ဆိုက်ကပ်မှု) ဖြစ်ပါတယ်။

ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်နိုင်တဲ့ အမေရိကန် ရေငုပ်သင်္ဘော ၁၄ စင်းရဲ့ လှုပ်ရှားမှုတွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားလေ့ရှိပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေဟာ နျူကလီးယားစွမ်းအင် အသုံးပြုထားတဲ့အတွက် တစ်ကြိမ်ကို လပေါင်းများစွာ ရေငုပ်နိုင်ပြီး သင်္ဘောသား ၁၅၀ ကျော်ရဲ့စားနပ်ရိက္ခာ မကုန်မချင်း ကမ်းကပ်စရာ မလိုအပ်ပါဘူး။

Ohio-class ရေငုပ်သင်္ဘောတွေဟာ ပျမ်းမျှအားဖြင့် ပင်လယ်ထဲမှာ ၇၇ ရက်ကြာ သွားလာလေ့ရှိပြီး ပြုပြင်ထိန်းသိမ်းမှုနဲ့ ပြန်လည်မွမ်းမံမှုလုပ်ဖို့ တစ်လကြာ ကမ်းကပ်လေ့ရှိတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေ ကမ်းကပ်လေ့ရှိတဲ့ ဝါရှင်တန်ပြည်နယ်- ဘန်ဂေါ်ဆိပ်ကမ်း၊ ဂျော်ဂျီယာပြည်နယ်၊ ကင်းဘေးဆိပ်ကမ်းတွေမှာတောင် ရေငုပ်သင်္ဘောတွေကို ဓာတ်ပုံရိုက်နိုင်ဖို့ ခက်ခဲပါတယ်။

ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောတွေကို လျှို့ဝှက်ထားခြင်းဟာ နျူကလီးယားလက်နက်ကြီး ၃ မျိုး ( မြေပြင်၊ ဝေဟင်၊ ရေပြင်အခြေစိုက် တိုက်ခိုက်မှု) ဆက်လက်ရှင်သန်ရေးအတွက် အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်၊ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေချိန်မှာ တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံလုံး မယှဉ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ပစ် ရေငုပ်သင်္ဘောကို ထုတ်ပြပြီး အမေရိကန်က အချက်ပြလိုက်တာလို့ နိုင်ငံရေးသုတေသီတွေက ပြောပါတယ်။

” ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါက အချက်ပြလိုက်တာပါပဲ။ ငါတို့က မင်းတို့ အိမ်တံခါးဝမှာ နျူကလီးယားထိပ်ဖူး ၁၀၀ လာထားထားလို့ ရတယ်။ မင်းတို့ သိလိုက်မှာတောင် မဟုတ်ဘူး၊ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာမျိုးပေါ့” လို့ အမေရိကန်ရေငုပ်သင်္ဘောကပ္ပတိန် (ဟောင်း) သောမတ်စ်ရှူးဂတ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ပစ် ရေငုပ်သင်္ဘော စီမံကိန်းက အစပျိုးရုံပဲ ရှိသေးပြီး တရုတ်နိုင်ငံကတော့ ပဲ့ထိန်းဒုံးကျည်ပစ် ရေငုပ်သင်္ဘော ၆ စင်းပဲ ရှိပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်ပစ် ရေငုပ်သင်္ဘော အရေအတွက်နဲ့ နှိုင်းယှဉ်ရင် နည်းပါးသလို တရုတ်ရေငုပ်သင်္ဘောတွေရဲ့ စွမ်းဆောင်မှုက အမေရိကန်ရေငုပ်သင်္ဘောတွေကိုလည်း မမီဘူးလို့ ဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုစင်တာရဲ့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ Type 094 ပဲ့ထိန်းဒုံးကျည်ပစ် ရေငုပ်သင်္ဘောတွေဟာ အမေရိကန် ရေငုပ်သင်္ဘောတွေထက် အသံ ၂ ဆ ပိုကျယ်တဲ့အတွက် အလွယ်တကူ ရှာဖွေလို့ ရနိုင်သလို ဒုံးကျည်နဲ့ ထိပ်ဖူး တင်ဆောင်နိုင်တဲ့ အရေအတွက်လည်း နည်းပါတယ်။

Ref: CNN “One of the US Navy’s most powerful weapons makes a rare appearance in Guam”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top