မိမိကိုယ်ကို စိတ်ဓာတ် ကြံ့ခိုင်အောင် လေ့ကျင့်နိုင်မယ့် နေဗီဆီးလ်ရဲ့ နည်းလမ်း

frogman-with-weapons-PYFBKWF.jpg

ဒီနေ့ လူတော်တော်များများ လုပ်ငန်းခွင် ပြန်ဝင်ရမယ့် တနင်္လာနေ့ကလေး ဖြစ်တာနဲ့ အညီ အမေရိကန်နိုင်ငံက အထူးစစ်ဆင်ရေး တပ်ဖွဲ့သားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးလေ့ကျင့်နည်း အကြောင်း ဖတ်ရှုရင်း တစ်ပတ်တာအတွက် ခွန်အားသစ်တွေ မွေးမြူလိုက်ကြရအောင်။

နေဗီဆီးလ် (Navy Seal) အကြောင်း

ကျန်တာတွေ ဆက်မပြောခင်မှာ နေဗီဆီးလ် (Navy Seal) ဆိုတဲ့ အဖွဲ့ အကြောင်း အရင်ပြောရအောင်။ နေဗီဆီးလ် ဆိုတာ အမေရိကန် ရေတပ်ရဲ့ အဖွဲ့ခွဲတစ်ခု ဖြစ်ပြီးတော့ နာမည်က SEAL ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ ပင်လယ် (SEa)၊ လေကြောင်း (Air) နဲ့ ကုန်းကြောင်း (Land) တို့ကို ဆိုလိုတာပါ။ ရေတပ်က အဖွဲ့ခွဲတစ်ခု ဖြစ်ပေမယ့်လို့ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေမှာ ကျွမ်းကျင်အောင် လေ့ကျင့်ခံထားရသူတွေဖြစ်မှာ အသေအချာပါပဲ။ အခု သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေး လေ့ကျင့်မှု နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ မိမိကိုယ်ကို အကောင်းမြင်အောင်၊ ယုံကြည်ချက် ခိုင်မာလာအောင် လေ့ကျင့်တဲ့ နည်းကို လေ့လာရအောင်။

မိမိကိုယ်ကို ယုံကြည်ချက်ရှိလာအောင် လေ့ကျင့်ခြင်း

အသက်ရှူကိရိယာ သုံးပြီး နေဗီဆီးလ် သင်တန်းသားတစ်ယောက် ရေငုပ်နေတဲ့ နောက်ဘက်ကို သင်တန်းဆရာက ရောက်လာတယ်။ ပြီးတော့ သင်တန်းသား ပါးစပ်မှာ အသက်ရှူခွက် (Regulator) ကို ဆွဲဖြုတ်တယ်။ ပြီးတော့ အောက်ဆီဂျင်ပိုက်ကို ထုံးချည်ပစ်ခဲ့တယ်။

ဒါ တည်တည်ငြိမ်ငြိမ်နဲ့ အခက်အခဲ ဖြေရှင်းနိုင်မှုအပါအဝင် မိမိကိုယ်ကို ယုံကြည်မှုကိုပါ စမ်းသပ်တာပါပဲ။ “ ဟာ … ငါတော့ သေတော့မှာပါလား “ ဆိုပြီး စိတ်မတည်မငြိမ် ဖြစ်သွားရင်တော့ မအောင်မြင်ဖို့ များသွားပါပြီ။ ရတဲ့ အချိန် အနည်းအကျဉ်းအတွင်းမှာ “ ငါ လုပ်နိုင်တယ်၊ ငါ့ကိုယ်ငါ ယုံကြည်တယ်“ ဆိုတဲ့ စိတ်နဲ့ ကြိုးထုံးကို ဖြေပြီး၊ အောက်စီဂျင် ကိရိယာ ပြန်လည် အလုပ် လုပ်နိုင်မယ့် နည်းလမ်းစဉ်အတိုင်း ဆောင်ရွက်မှသာ အောက်ဆီဂျင် ပြန်ရပြီး အသက်ရှူနိုင်မှာပါ။ ဒီ စမ်းသပ်စစ်ဆေးမှုမှာ တစ်ခါတည်းနဲ့ အောင်မြင်သူဆိုတာ လူ (၅) ယောက်မှာ တစ်ယောက်သာ ရှိတာမို့ သင်တန်းသားတွေကို (၄) ကြိမ်အထိ ကြိုးစားခွင့် ပေးထားပါတယ်။ အဲဒီ (၄)ကြိမ်ကို တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားတဲ့ နေရာမှာလည်း မိနစ်နှစ်ဆယ် အတွင်း မအောင်မြင်ခဲ့ရင် အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်ခံရမှာပါ။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အခက်အခဲတွေဟာ ပုံမှန်အားဖြင့်အဲဒီလောက် မကြမ်းတမ်းဘူးဆိုပေမယ့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်နေတာကတော့ အသေအအချာပါပဲ။ ပြဿနာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်တဲ့ အခါမှာ ကိုယ့်ကိုယ်ကို “ငါ .. ဖြေရှင်းနိုင်တယ်။ ဒီကိစ္စဟာ ငါ အချိန်ယူ ရှင်းလိုက်ရင် အောင်မြင်သွားမှာ သေချာတယ်” လို့ ပြောရမှာပါ။ ပြဿနာကို စိတ်ရှုပ်ထွေး၊ မွန်းကြပ်မှုတွေနဲ့ ရင်ဆိုင်တဲ့ အခါ လွယ်ကူတဲ့ အနေအထားလေးတွေမှာတောင် လွဲချော်သွားနိုင်ပါသေးတယ်။

အရေးကြီးတာ တချက်က ကိုယ့်ကိုယ်ကို ယုံကြည်ရုံနဲ့ ပြဿနာတွေ အဆင်ပြေသွားမယ်လို့ ကျွန်တော်တို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ယုံကြည်ပြီး စိတ် တည်တည်ငြိမ်ငြိမ် ဖြေရှင်းရင် အခက်အခဲတွေကို အဖြေရှာတဲ့ အခါ အကောင်းဆုံး အထောက်အကူပြုနိုင်မှာ သေချာပါတယ်။

နေဗီဆီးလ်အဖွဲ့ရဲ့ စိတ်ကြံ့ခိုင်ရေး လေ့ကျင့်နည်းတွေကို အလျဉ်းသင့်ရင် သင့်သလို ဆက်လက် တင်ပြပေးသွားမှာပါ။ ရိုးရာလေး စာဖတ်သူတွေလည်း မိမိကိုယ်ကို ယုံကြည်မှု ပိုမိုအားကောင်းလာပြီး လာမယ့် ရက်သတ္တပတ်ကို အကောင်းဆုံး ဖြတ်ကျော်သွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Reference: Time Magazine Article “How to Increase Mental Toughness: 4 Secrets From Navy SEALs and Olympians”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top