ဟနွိုင်းမြို့မှ တစ်နေ့တာ လည်ပတ်စရာများ

bsquare-01.jpg

ယခုအပတ်တွင် VietnamAirlines လေကြောင်းလိုင်းဖြင့် ဟနွိုင်း-Ninh Binh-ဟလောင်း တလျှောက် သွားရောက်လည်ပတ်ဖြစ်ပါတယ်။

ဟနွိုင်းမြို့ကို သွားမယ်ဆိုရင် Ba Dinh Square ကို မဖြစ်မနေ သွားရောက်သင့်ပါတယ်။ ကျွန်မအနေနဲ့ကတော့ နိုင်ငံ့ခေါင်းဆောင်းတွေထဲမှာ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်း၊ အိန္ဒိယမှ မဟတ္တဂန္ဒီ နှင့် ဗီယက်နမ်က ဟိုချီမင်တို့ကို အလေးစားဆုံးပါပဲ။

ဒါ့ကြောင့်မို့လဲ Ba Dinh Square ရောက်တာနဲ့ ဟိုချီမင်ဂူဗိမ္မာန်ကို သွားဖို့စိတ်အား ထက်သန်မိပါတယ်။ ဗီယက်နမ်နိုင်ငံသားတွေ ချစ်စနိုးနဲ့ အန်ကန်ဟိုလို့ ခေါ်ကြတဲ့ ဟိုချီမင်ရဲ့ ဂူဗိမ္မာန်က သားနားလှပါတယ်။ လေ့လာရေးလာရောက်လည်ပတ်သူတွေ၊ ဂါရဝလာပြုသူတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အထူးစည်ကားလှပါတယ်။

တဆက်တည်းမှာရှိတဲ့ သမ္မတအိမ်တော်ဘက်ကိုလည်း သွားရောက်ဖြစ်ပါသေးတယ်။ အိမ်တော်ကို ၁၉၀၀-၁၉၀၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပြင်သစ်ကိုလိုနီ ဗိသုကာလက်ရာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သမ္မတအိမ်တော်မှာ အရေးကြီး နိုင်ငံ့ခေါင်းဆောင်တွေ၊ ပုဂ္ဂိုလ်တွေကို လက်ခံတွေ့ဆုံပါတယ်။ ခရီးသွားတွေအနေနဲ့ သဘာဝရှုခင်းအလှအပတင်မကဘဲ ရှေးဟောင်းအဆောက်အအုံတွေကိုလည်း စိတ်ဝင်စားတတ်ကြပါတယ်။ သည်အဆောက်အအုံဟောင်းတွေကနေ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို သိမြင်နိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ပြင်သစ်ကိုလိုနီလက်ရာ အဆောက်အအုံတွေကို ကြည့်ခြင်းဖြင့် တချိန်က ပြင်သစ်ကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်ခဲ့တာတွေ၊ လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေး ပေါင်းများစွာ ရင်းနှီးခဲ့ရတာတွေ စတာတွေကို ဆက်လက်စူးစမ်းလိုစိတ် ဖြစ်မိမှာပါ။ မွန်ဂို၊ တရုတ်၊ ပြင်သစ်၊ အမေရိကန်တို့၏ ခေတ်ဆက်ဆက် ကျူးကျော်မှုတွေကြောင့် ဗီယက်နမ်နိုင်ငံသားတွေ အနေဖြင့် ခြေကုန်လက်ပမ်းကျလို့နေပါပြီ။ စိတ်ဓာတ်ပြင်းထန်လှတဲ့ နိုင်ငံသားတွေဟာ ချွတ်ခြုံကျနေတဲ့အနေအထားကနေ ဦးမော့လာနိုင်အောင် အစွမ်းကုန်ကြိုးစားနေကြတာတွေကို လက်တွေ့သိမြင်ခဲ့ရပါတယ်။

ဆက်လက်ပြီး ကျောက်တိုင်တစ်လုံးပေါ်မှာ ကြာပန်းပုံသဏ္ဍာန် တည်ဆောက်ထားတဲ့ One Pillar Pagoda ဘက်ကို ထွက်ခွါခဲ့ပါတယ်။ One Pillar Pagoda ဗုဒ္ဓဘုရားကျောင်းကို ဧကရာဇ် Ly Thai Tong (၁၀၂၈-၁၀၅၄) မှ ၁၀၄၉ခုမှာ တည်ဆောက်စေခဲ့တယ်လို့ သိရပါတယ်။

အရှေ့တိုင်းသား တော်တော်များများကတော့ အတွေးအခေါ်ပညာရှင်ကွန်ဖြူရှပ်ကို သိကြမှာပါ။ ကွန်ဖြူရှပ်ရဲ့ ပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့ဖူးတဲ့ Temple of Literature သို့လည်း ရောက်ဖြစ်ခဲ့ပါတယ်။ ကျောင်းတော်ကို ၁၀၇ဝခုနှစ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဝန်းထဲမှာ ရေကန်၊ ကွန်ဖြူရှပ်ရုပ်တု၊ ဗီယက်နမ်ဗိသုကာလက်ရာ ကျောင်းဆောင်၊ အစရှိသည်ဖြင့် တွေ့ရှိနိုင်ပါတယ်။ ၁၀၇၆ခုနှစ်မှာ နိုင်ငံရဲ့ ပထမဦးဆုံးသော တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပညာသင်ကြားပေးနိုင်ခဲ့သည်။

ဟနွိုင်းမြို့ရဲ့ အသဲနှလုံးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Hoan Kiem ကန်တော်သာဘက်သို့လည်း သွားစေချင်ပါသေးတယ်။

ရေကန်မှာ ခေတ္တခဏ အပန်းဖြေပြီးရင် အနီးပတ်ဝန်ကျင်မှာရှိတဲ့ ဈေးတန်းတွေမှာ အိမ်ပြန်လက်ဆောင်လေးတွေ ဝယ်ဖို့ အဆင်သင့်လှပါတယ်။

ပြီးတော့ ရှေးကျလှတဲ့ အဆောက်အအုံများနှင့် ပြည့်နှက်နေတဲ့ Hanoi Old Quarter တလျှောက် လမ်းလျှောက်စူးစမ်းနိုင်ပါသေးတယ်။ ဈေးဝယ်တဲ့အခါ အရေးကြီးတာက ငွေကြေးတွက်ချက်မှုပါ။ ဗီယက်နမ်ငွေကြေးက ဖောင်းပွလှသည်။ ကုန်ပစ္စည်းတစ်ခုမှာ ၂၅ဝလို့ ဈေးကပ်ထားရင် အနောက်မှာ သုံည၃လုံး ထပ်ရှိတယ်ဆိုတာကို ဗဟုသုတ အနေနဲ့ သိထားသင့်ပါတယ်။ ၂၅ဝဆိုရင် ငွေရှင်းတဲ့အခါ ၂သိန်းခွဲပေးရမှာပါ။ Old Quarter မှာရှိတဲ့ အဆောက်အအုံတိုင်းဟာ ရှေ့မျက်နှာစာကျဉ်းပြီး အနောက်ကို ရှည်တဲ့ပုံစံတွေဆိုတာကို သတိထားမိသည်။ အိမ်ရဲ့မျက်နှာစာအကျယ်ပေါ် မူတည်ပြီး အခွန်ဆောင်ရတယ်လို့ သိရပါတယ်။ VietnamAirlines အနေနဲ့ ခရီးသည်တစ်ဦးကို ကီလို၂၀ ပေးသယ်ထားတဲ့အတွက် Old Quarter မှာရှိတဲ့ညဈေးမှာ ဒေသထွက်ကုန်ဖြစ်တဲ့ ကော်ဖီ၊ ကြာပန်းလက်ဖက်ခြောက် အပြင် အခြားသောပစ္စည်း အမျိုးမျိုး ဝယ်နိုင်ပါသေးတယ်။

ရေပေါ်ရုပ်သေးပြဇာတ်ကသောရုံ

Four Palaces ပြဇာတ်ကသောရုံ

Hanoi Old Quarter ကို ပတ်ပြီးနောက် ခြေထောက်တွေလည်း ညောင်းလှပြီ ဟော်တယ်ပြန်ပြီး မနားချင်သေးဘူးဆိုရင် ဗီယက်နမ်ရဲ့ နာမည်ကြီး Tu Phu ပြဇာတ် သို့မဟုတ် Four Palaces ပြဇာတ်ကို သွားကြည့်သင့်ပါတယ်။ ပြဇာတ်မကြည့်ဘဲ Spa သွားမယ်ဆိုလည်း ဈေးနှုန်းက သင့်တင့်ပါတယ်။ ပြန်တွက်ကြည့်ရင် ဈေးနှုန်းတွေက မြန်မာနိုင်ငံနဲ့ သိပ်မကွာလှပါဘူး။

ခရီးစဉ်တလျှောက် အဆင်ပြေပြေ ပြည့်ပြည့်စုံစုံ ကူညီပံ့ပိုးပေးသော VietnamAirlines၊ စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့တဲ့ တာဝန်ရှိသူတွေကိုအထူးကျေးဇူးတင်မိသည်။

Sponsored By: #VietnamAirlines

Stacy Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top