ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရောဂါဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားနေကြပါတယ်။ ကျွန်တော်တို့ အသက်ရှုလိုက်တဲ့ လေကတောင် မသန့်စင်တော့သလို ရောဂါပိုးမွှားတွေလည်း ပါဝင်လာနိုင်ပါတယ်။ သေချာတာက ကျွန်တော်တို့ အဲဒီရောဂါပိုးမွှားတွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့လို့ တစ်ခါတရံ ဘယ်လိုအခြေအနေတွေက ရောဂါပိုးမွှားအများဆုံးလဲဆိုတာ ကျွန်တော်တို့ နားမလည်ကြဘူးဖြစ်နေပါတယ်။ ဘယ်အရာတွေက ပိုပြီးရောဂါပိုးမွှားအရှိဆုံးလည်းဆိုတာ စာဖတ်ပရိသတ်တွေ သိရှိရဖို့အတွက် ဒီဆောင်းပါးလေးက နှိုင်းယှဉ်ပြမှာဖြစ်ပါတယ်။
ဘေစင်ပေါ်ပြုတ်ကျတဲ့အစားအစာနဲ့ ကြမ်းပြင်
ကျွန်တော်တို့အများစုက ရောဂါပိုးမွှားအများဆုံးက ကြမ်းပြင်လို့ပြောကြမှာပါ။ ဒါက အရမ်းကြီးတော့ မတိကျပါဘူး။ ဘေစင်က ကြမ်းပြင်ထက်ပိုပြီး ရောဂါပိုးမွှားပါဝင်ပါတယ်။ သင့်ရဲ့အိမ်မှာ ရောဂါပိုးမွှားအရှိဆုံးနေရာလို့တောင် ယူဆလို့ရပါတယ်။ ဘေစင်က အစိုစွတ်ဆုံးနေရာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ စိုစွတ်တဲ့နေရာက ရောဂါပိုးမွှားတွေပေါက်ဖွားဖို့ လွယ်ကူပါတယ်။
ငရုတ်ကောင်းမှုန့်ဗူး နဲ့ ဆားဗူး
လူတော်တော်များများက စားသောက်ဆိုင်မှာ ဆားဗူးကို မကြာခဏအသုံးများပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်မှာ ဒီတစ်ခုက ညစ်အပတ်ဆုံးမဟုတ်ပါဘူး။ တကယ်တော့ ငရုတ်ကောင်းမှုန့်ဗူးက ရောဂါပိုးမွှားအရှိဆုံးပစ္စည်းဖြစ်ပါတယ်။ ငရုတ်ကောင်းဗူးက E.coli ဘတ်တီးရီးယားနဲ့ ဖြည့်ထားတာဖြစ်ပြီး ငရုတ်ကောင်းက အပင်ကလာတဲ့ထုတ်ကုန်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ပိုးဟပ်နဲ့ သင့်အစားအစာအနီးနားက ယင်ကောင်
သင့်အစားအစာအနီးနားမှာ ဘယ်လိုအကောင်းမှ မရှိတာကောင်းပါတယ်။ ဒါပေမဲ့ ပိုးဟပ်တွေနဲ့ ယှဉ်ရင် ယင်ကောင်တွေက ရောဂါဖြစ်စေတဲ့ ပိုးမွားတွေကို ပိုပြီးသယ်လာပါတယ်။ ဟင်ကောင်တွေ သင့်အစားနားမှာ ရစ်ဝဲနေတာက ပိုးဟပ်တွေထက် နှစ်ဆပိုညစ်ပတ်ပါတယ်။ သူတို့က နေရာတော်တော်များများကနေ ရောဂါပိုးမွှားတွေ သယ်ဆောင်လာပြီး သင့်အစားအစာမှာ အလွယ်တကူ ကူးပြောင်းလို့ရပါတယ်။
တစ်ရှုးထုတ်ပေးစက်နဲ့ လက်အခြောက်ခံစက်
လက်အခြောက်ခံစက်သုံးတာက ရောဂါပိုးမွှားကင်းတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ တစ်ရှုးနဲ့ လက်ရေခြောက်တာက ရောဂါပိုးမွှားပျံ့နှံ့ဖို့ အခွင့်အရေး နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ လူတစ်ယောက်က သူ့ရဲ့လက်ကို သေချာမဆေးဘဲ လက်အခြောက်ခံမယ်ဆိုရင် လေမှုတ်စက်က လက်ကပါလာတဲ့ရောဂါပိုးမွှားတွေကို ပျံ့နှံ့သွားအောင် မှုတ်ထုတ်သွားစေနိုင်ပါတယ်။
အဝတ်လဲခန်းနဲ့ မုန့်စားစားပွဲ
လူတွေက မုန့်စားစားပွဲမှာ ဘတ်တီးရီးယားပိုးမွှားတွေ ပိုတွေ့ရှိနိုင်မယ်လို့ ထင်ကြမှာပါ။ တကယ်တော့ အဝတ်လဲခန်းက ရောဂါပိုးမွှားအများဆုံးပါပဲ။ လူတွေက အဝတ်အစားဝတ်ကြည့်တဲ့အခါ အသားရေဆဲလ်တွေနဲ့ ချွေးတွေက အဝတ်ချိတ်ထဲမှာ စုပုံလာစေနိုင်ပါတယ်။ အဲဒီကနေတဆင့် အခြားသူဆီ ကူးပြောင်းသွားစေနိုင်ပါတယ်။ ဒါက အရေပြားယားယံခြင်းတွေ၊ ရောဂါပိုးကူးစက်ခြင်းတွေဖြစ်လာစေနိုင်ပါတယ်။
ရချေိုးတဘက်နဲ့ မီးဖိုချောင်သုံးလက်သုတ်ပုဝါ
တဘက်အများစုက အစိုပြန်ကြပြီး ဘတ်တီးရီးယားပေါက်ဖွားနိုင်ပါတယ်။ ဒါပေမဲ့ တဘက်နှစ်အမျိုးအစားနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မီးဖိုချောင်သုံးလက်သုတ်ပုဝါတွေက နေရာတော်တော်များများမှာ အသုံးပြုတဲ့အတွက် ပိုပြီးညစ်ပတ်ပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားထုတ်ကုန်တွေမှာရှိတဲ့ အန္တရာယ်များတဲ့ဘတ်တီးရီးယားတွေက သင့်လက်ကို အဲဒီလက်သုတ်ပုဝါနဲ့ ခြောက်အောင် သုတ်တဲ့အခါတိုင်း ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် တဘက်တွေ၊ လက်သုတ်ပုဝါတွေကို မကြာခဏ လျှော်ဖွတ်ဖို့ အရေးကြီးပါတယ်။
Ref: TOI “What is dirtier? Food that spilled in the kitchen sink or floor”
WL (ရိုးရာလေး)