ဘတ်စ်ကားမှတ်တိုင်တွေမှာ ဈေးဆိုင်ခန်းတွေ တည်ဆောက်သွားမယ်

fb.jpg

ရန်ကုန်မှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်တွေဘေးမှာ ဈေးဆိုင်ခန်းသေးသေးလေးတွေကို တည်ဆောက်ပြီး တရားဝင်ငှားရမ်းရောင်းချခွင့်ပြုသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက အတည်ပြုပြောကြားလိုက်ပါတယ်။

”ဘတ်စ်ကားမှတ်တိုင်တွေဘေးမှာ ဆိုင်ခန်းသေးသေးလေးတွေကို စနစ်တကျတည်ဆောက်သွားပါမယ်။ ကွမ်းယာဆိုင်လိုမျိုးလေးတွေပါ။ ဒါပေမဲ့ ကွမ်းယာဆိုင်တော့မဟုတ်ဘူး၊ ကွမ်းယာနဲ့ ဆေးလိပ်ကိုတော့ ပေးမရောင်းပါဘူး”လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
အခုဆောင်ရွက်မယ့် ဆိုင်ခန်းတွေဟာ ၅ ပေပတ်လည်သာ အကျယ်အဝန်းရှိပြီးတော့ ဖုန်းအားသွင်းဖို့ USB အပေါက်တွေပါဝင်မယ့်အပြင် Wifi Free အသုံးပြုလို့ရအောင်လည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီဆိုင်ခန်း တွေကို စိတ်ဝင်စားသူမည်သူမဆို ငှားရမ်းခွင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
”လွှတ်တော်နဲ့ ပြည်သူ့ဥယျာဉ်ကြား၊ ပြည်လမ်းပေါ်မှာရှိတဲ့ မြေနီကုန်းမှတ်တိုင်မှာ ဆိုင်ခန်းနမူနာ ချပြ ထားပါတယ်။ အဲဒီဆိုင်ခန်းလေးတွေကို ဘတ်စ်ကားမှတ်တိုင်အနားမှာရှိတဲ့ ပလက်ဖောင်းပေါ်မှာပဲ ထားမှာပါ”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၅) ဒေါ်မေမေသွယ်က ပြောပါတယ်။

အခုလို ဆိုင်ခန်းတွေကို ငှားရမ်းခွင့်ပေးဖို့ စီစဉ်ထားပေးမယ့် ငှားရမ်းခနှုန်းထားတွေ၊ တည်ဆောက်မယ့် ဆိုင်ခန်းအရေအတွက်တွေကိုတော့ တိတိကျကျသတ်မှတ်ထားခြင်းမျိုး မရှိသေးပါဘူး။ ဆိုင်ခန်း တည်ဆောက်မှု ကုန်ကျစရိတ်အနေနဲ့ကတော့ သိန်း ၂၀ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ မကြာခင် အကောင်အထည်ဖော်တော့မယ့် Yangon Payment System(YPS)ကတ်စနစ် ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ ဒီဆိုင်ခန်းတွေမှာ ယာဉ်စီးခအတွက် ငွေပေးချေနိုင်မယ့် ကတ်တွေကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
ကနဦးအစီအစဉ်အနေနဲ့ကတော့ ဘတ်စ်ကားအတက်အဆင်းများတဲ့ မှတ်တိုင်တွေမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၁၈၀၀ ကျော်ရှိနေတာပါ။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top