ဆေးရောင်မပီသေးတဲ့ ငြိမ်းချမ်းရေးပန်းချီကား

Editorial-PEACE-e1566219707355.jpg

သြဂုတ်လ ၁၅ ရက်နေ့ကစတင်ပြီး ဒီနေ့အချိန်အထိ ပြင်ဦးလွင်- နောင်ချို-သီပေါ-လားရှိုး-သိန်းနီ-ကွတ်ခိုင် စတဲ့ နေရာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဒေသတွေဟာ တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ လားရှိုး-မူဆယ် ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လို့ လူသိများတဲ့ AA၊ TLNA၊ MNDAA အဖွဲ့တွေကတော့ ဒီတိုက်ခိုက်မှုတွေက သူတို့ရဲ့လက်ချက်လို့ ဆိုပါတယ်။ NCA မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လို့ လူသိများပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ စစ်တိုင်းကြီး ၅ တိုင်းထဲမှာ AA လှုပ်ရှားနေတဲ့ အနောက်ပိုင်းတိုင်း မပါဝင်ပါဘူး။ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ချိန်ကစပြီး ဒီနေ့အချိန်အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲအကြီးအသေး ၃၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်က AA လက်နက်ကိုင်အဖွဲ့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေဦးမယ်ဆိုရင် မိမိတို့ဘက်ကလည်း စစ်ရေးမဟာမိတ် ပီသစွာနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမယ်လို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဧပြီလ ၂၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီကြေညာချက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကို အပစ်အခတ်ရပ်စဲတဲ့ စစ်တိုင်းတွေထဲ ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တပ်မတော်ဘက်က စစ်ရေးအရ ဖိအားပေးနေမယ်ဆိုရင် တိုက်ပွဲတွေ ဒီထက်ပိုပြင်းထန်လာဖို့ရှိတယ်လို့ သြဂုတ်လ ၁၂ ရက်နေ့မှာ မဟာမိတ် ၃ ဖွဲ့က နောက်ထပ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်ဘက်က နယ်မြေစိုးမိုးရေး လှုပ်ရှားမှုလို့ဆိုထားပြီး မြောက်ပိုင်း ၃ ဖွဲ့ကတော့ သူတို့ဧရိယာတွေကို ကျူးကျော်တယ်လို့ ခံစားနေရပါတယ်။

မြောက်ပိုင်း ၃ ဖွဲ့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) လက်မှတ်ရေးထိုးချိန်မှာ ပါဝင်ခွင့် မရခဲ့ပါဘူး။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ”လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်မယ်” ဆိုတဲ့ ကြေညာချက် ထုတ်ပြန်မှ NCA မှာ ပါဝင် လက်မှတ်ရေးထိုးခွင့်ပေးမယ်လို့ တပ်မတော်က ဆိုခဲ့တာကြောင့် ညှိနှိုင်းမရခဲ့တာပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က မိုင်းလားမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး ထပ်မံတွေ့ဆုံဖို့ အစိုးရဘက်က ကမ်းလှမ်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်မတော်ဘက်က အရာရှိစစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သမ္မတရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဋ္ဌေးက ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ သိန်းပေါင်း ၂၈၈၁ သိန်းရှိပါတယ်။ အဲဒီဆုံးရှုံးမှုတန်ဖိုးထဲမှာ ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး မပါသေးပါဘူး။

ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။ တပ်မတော်ရဲ့ ထိုးစစ်ကြောင့် အခုလို ပြန်တိုက်ရတာပါလို့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက ပြောပေမဲ့ သူတို့ရဲ့မူးယစ်ဆေးဝါးလုပ်ငန်းတွေ တိုက်ဖျက်ခံနေရလို့ လက်တုံ့ပြန်တဲ့ အနေအထားမျိုး ရှိတယ်လို့ ဆိုပါတယ်။

သမ္မတကြီး ဦးဝင်းမြင့်ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်အရ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့က ပြင်ဦးလွင်တိုးဂိတ်မှာ X-ray စက်တွေ တပ်ဆင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘိန်းဖြူ ၄၄ ကီလိုဂရမ်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈.၅ သန်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ပြင်ဦးလွင်ကနေစပြီး လားရှိုး-မူဆယ် ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ချိန်မှာ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက X-ray စက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့က လားရှိုးအထက် ၁၂ မိုင်အကွာမှာ တိုက်ပွဲထပ်ဖြစ်ပြီး ဒဏ်ရာရနေသူတွေ ရှိနေလို့ လားရှိုး လူငယ် လူမှုကူညီရေးအသင်းက သွားရောက်ကယ်ဆယ်ရာမှာ သူတို့ကားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့် သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ လားရှိုးမြို့ (၁၂)ရပ်ကွက်က လူနေအိမ် တစ်လုံးပေါ်ကို လက်နက်ကြီးကျရောက်ခဲ့သလို နမ့်ဖတ်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်းရဲ့ကားလည်း ပစ်ခတ်ခံခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အခါ ထိခိုက်ဆုံးရှုံးမှုတွေ ရှိတတ်စမြဲဆိုပေမဲ့ အပြစ်မဲ့ အရပ်သားတွေ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရတာတော့ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါပဲ။

တပ်မတော်ရဲ့ စစ်သင်တန်းကျောင်းတွေ အခြေစိုက်ရာနေရာဖြစ်တဲ့ ပြင်ဦးလွင်ဟာ ၁၉၄၉-၁၉၅၀ နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး ပျောက်ကျားစစ် သဘောအရ လက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေထဲကနေ ထွက်ပြီး တပ်မတော်ရဲ့အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဆိုပါတယ်။ ဒီဖြစ်ရပ်ကိုကြည့်ရင် လက်နက်ကိုင်တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုအားနည်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ် ပြိုကွဲခဲ့ရင် အချက်အချာကျတဲ့နေရာတွေမှာ ခြေကုပ်ယူနိုင်ဖို့ တပ်မတော်ကရော၊ လက်နက်ကိုင်အဖွဲ့တွေကရော နယ်မြေတွေ တိုးချဲ့လာခဲ့တာလို့ သူက ဆိုပါတယ်။

ယုံကြည်မှုလွန်ကဲခဲ့လို့ ပြင်ဦးလွင်လို အဖြူရောင်နယ်မြေမျိုး တိုက်ခိုက်ခံရတာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တန့်နေတာကို မီးမောင်းထိုးပြနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် နိုင်ငံရေးဘောင်ထဲက လုပ်ငန်းစဉ်တွေဖြစ်တဲ့ ကမ်းလှမ်းချက်တွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ကြန့်ကြာနေပြီး နိုင်ငံရေးဘောင်ကျဉ်းလာရင် စစ်ဘောင်ကျယ်တတ်တယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တန့်နေပြီး ဆွေးနွေးပွဲလုပ်ဖို့ ကြန့်ကြာနေရတဲ့အကြောင်းရင်းကတော့ ဆွေးနွေးပွဲလုပ်မယ့်နေရာနဲ့ ဆိုင်တယ်လို့ TNLA အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်ချင်နေပြီး အဲဒီနေရာက သူတို့အတွက် သွားရေး၊ လာရေး၊ လုံခြုံရေး အခက်အခဲရှိလို့ နယ်စပ်မြို့တစ်မြို့မှာ လုပ်ချင်တယ်လို့ တာအိုက်ကျော်က ဆိုပါတယ်။ အစိုးရဘက်က လုံခြုံရေး အာမခံချက် ပေးတယ်ဆိုပေမဲ့ တဘက်နဲ့ တဘက်ကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။

အပြန်အလှန် ယုံကြည်မှုအားနည်းနေတဲ့အချက်က တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာသာမက လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားစေတဲ့အကြောင်းရင်းပဲလို့ ဦးရဲထွဋ်က ဆိုထားပါတယ်။ သက်ဆိုင်ရာ အဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲနေဦးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးပန်းချီကားက ဆေးရောင်ပီဖို့ ကြန့်ကြာဦးမှာပါ။

ကိုးကား။ ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၏ 7Days စကားဝိုင်း၊ RFA စကားဝိုင်း၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ RFA စကားဝိုင်းမှ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြထားပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top