ယူကရိန်းကို ၃ ဘက်၊ ၃ လံကနေ ထိုးစစ်ဆင်တော့မယ့် ရုရှား

24-2-2022-yyl1.jpg

မော်စကိုမြို့စံတော်ချိန် နံနက် ၅ နာရီ ၅၅ မိနစ်မှာ ယူကရိန်းကို စစ်ဆင်ရေးဆင်နွှဲမယ်လို့ ရုရှားသမ္မတ ပူတင်က ကြေညာခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ ယူကရိန်းနိုင်ငံထဲမှာ အမြောက်ဆန်တွေ၊ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့မှာ အရေးပေါ်အချက်ပေးသံတွေ ဆူညံနေပြီး အဝေးပြေးလမ်းပေါ်မှာလည်း မြို့ကနေ တိမ်းရှောင်ထွက်ပြေးသူတွေရဲ့ ကားတန်းကြီးကို မြင်တွေ့ရမှာပါ။ ATM စက်တွေရှေ့မှာလည်း ငွေထုတ်မယ့်သူတွေ တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ဂါးဒီးယန်းသတင်းစာရဲ့ဂျာနယ်လစ် လုခ်ဟာဒင်း ခိုလှုံနေတဲ့ ကိဗ်မြို့က မြေအောက်ခန်းထဲမှာတော့ ကလေးငယ်တွေရှိတဲ့ မိသားစုတွေ ပြည့်နေပြီး ကလေးလေးတွေက အရောင်ခြယ်တဲ့စာအုပ်လေးတွေ ကိုင်ထားတာ မြင်ရတော့ ယူကျုံးမရဖြစ်မိတယ်လို့ လုခ်ဟာဒင်းက ရေးသားထားပါတယ်။

ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ကို ရုရှားက ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ သတင်းထွက်နေပေမဲ့ ယူကရိန်းရဲ့မြို့တွေကို မတိုက်ခိုက်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်ထားပြီး ယူကရိန်းစစ်တပ်ရဲ့ အခြေခံအဆောက်အအုံတွေ၊ လေကြောင်းကာကွယ်ရေးစနစ်နဲ့ လေတပ်ကို တိကျတဲ့လက်နက်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရ ရုရှားက ယူကရိန်းကို အရှေ့၊ တောင်၊ မြောက် အရပ်မျက်နှာ(၃)ဘက်ကနေ ဝိုင်းတိုက်ဖို့ ရှိနေပါတယ်။ ဘီလာရုစ်မှာ စခန်းချနေတဲ့ ရုရှားစစ်သည်တွေက ယူကရိန်းနိုင်ငံမြောက်ပိုင်းနယ်စပ်ကနေ ချီတက်လာသလို ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာမြို့ဘက်ကနေလည်း ရုရှားစစ်သည်တွေ ချီတက်လာပါပြီ။ ခွဲထွက်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမြို့တွေမှာလည်း ရုရှားက ထိုးစစ်ဆင်နေပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ရုရှားက ဒုံးကျည်နဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေပြီး ကိဗ်မြို့နားက ဘိုရီစပီးလ်လေဆိပ်နဲ့ တခြားလေဆိပ်တွေကိုလည်း ဒုံးကျည်နဲ့ တိုက်ခိုက်နေပါတယ်။ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ယူကရိန်းလေတပ်က တွန်းလှန်တိုက်ခိုက်နေတယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်နေချိန်မှာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနံတစ်စည်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ ခုန်တက်သွားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲသတင်းကြောင့် အာရှစတော့ရှယ်ယာဈေးကွက်ကတော့ ၂ % ကနေ ၃ % ကြား ကျဆင်းသွားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ခိုင်မာမယ်ထင်တဲ့ အရာတွေကို အလုအယက် စုဆောင်းကြတာကြောင့် ၁ နှစ်ကျော်အတွင်း ရွှေဈေးအမြင့်ဆုံး ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ ဂျပန်ယန်းငွေလည်း ဈေးမာလာခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ ”ဂျိုးဘိုင်ဒင်ရဲ့ပျော့ကွက်ကို ပူတင် ရှာတွေ့သွားတာဖြစ်မယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ” အစောပိုင်းမှာ ပူတင်က ဒီလိုလုပ်ချင်တာ မဟုတ်လောက်ဘူးဗျ။ တခြားတစ်ခုခုလုပ်ပြီး ညှိနှိုင်းချင်တာ၊ အဲဒီကနေ အခြေအနေ ဆိုးသထက်ဆိုးလာပြီး ပျော့ကွက်ကို တွေ့သွားတာ။ ကျွန်တော့်အစိုးရအဖွဲ့သာဆက်ရှိနေရင် ဒါမျိုးမဖြစ်ဘူး”လို့ Fox News ကို ပြောခဲ့ပါတယ်။

Ref: BBC Live Reporting

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top