၁၁.၅ အောင်စ နဲ့ မွေးဖွားခဲ့တဲ့ ကလေးငယ်လေး နေကောင်းကျန်းမာစွာနဲ့ အသက် ၁ နှစ်ပြည့်မြောက်ခဲ့ပြီ

24-2-2022-yyl5.jpg

နယူးမက္ကဆီကိုပြည်နယ်မှာ ထူးခြားဆန်းပြားစွာနဲ့ မွေးဖွားလာခဲ့တဲ့ ကလေးငယ်လေးက ကျန်းမာပျော်ရွင်စွာနဲ့ ကြီးပြင်းလာခဲ့ပါပြီ။ ဂျာရီ လိုပက်ဇ် (Jari Lopez) ဆိုတဲ့ အဲဒီကလေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ချိန်က ၉ လက်မသာရှိပြီး ကိုယ်အလေးချိန်ဟာဆိုရင် ပေါင်မုန့်တစ်လုံးထက်ပိုပေါ့ပါးတဲ့ ၁၁.၅ အောင်စပဲရှိပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဂျာရီလေးက အသက် ၁ နှစ်ပြည့်မြောက်ခဲ့ပါတယ်။ အခုဆိုရင် ဂျာရီကို Presbyterian Hospital ကနေ အသက်ရှင်ခဲ့တဲ့ အသေးငယ်ဆုံးမွေးကင်းစကလေးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။

ဂျာရီရဲ့မိခင် အမ်ဘာ ဟီချ်ဂင် (Amber Higgins) က ကိုယ်ဝန် ၂၀ ပတ်အကြာမှာ အထူးကုဆရာဝန်နဲ့ ပြကြည့်တော့ ဂျာရီဟာ ပုံမှန်ထက် ပိုသေးငယ်နေတယ်ဆိုတာကို သိခဲ့ရတယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်ကာလအတွက် ကလေးက အရမ်းသေးငယ်လွန်းနေသေးတဲ့အတွက် ကိုယ်ဝန် ၂၃ ပတ်နဲ့ ဆေးရုံတက်ခဲ့ပြီး နေ့တိုင်း စောင့်ကြည့်ခဲ့ကာ အာထရာဆောင်းလည်း နေ့တိုင်းရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေက အမ်ဘာနဲ့သူ့ခင်ပွန်း ဂျူလီယန် လိုပက်ဇ်ကို သူတို့ရဲ့ကလေးဟာ အသက်ရှင်နိုင်ခြေ ၃၀ ရာခိုင်နှုန်းပဲရှိတယ်လို့ ပြောခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ​တော့ ကလေးမွေးဖွားချိန်တန်ခဲ့ပါတယ်။ ကလေးက ပုံမှန်ထက် တော်တော်လေး သေးနေတဲ့အတွက် သွေးနောက်ပြန်စီးဆင်းမှုတွေစတင်ဖြစ်လာပြီး နှလုံးခုန်နှုန်းကလည်း အောက်ထိ ထိုးကျနေခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ဝန် ၂၄ ပတ်မှာ အရေးပေါ်ဗိုက်ခွဲမွေးဖို့ ဖြစ်လာခဲ့ပါတယ်။ နယူးမက္ကဆီကိုပြည်နယ်ရဲ့ Pediatrix Neonatology က ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ​နဲ့ မွေးကင်းစပလေးအထူးကုဆရာဝန် ဒေါက်တာ ဂျနီဖာ အန်ဒါဆင် (Jennifer Anderson) က အဲဒီ​နေ့မှာ တာဝန်ကျဆရာဝန်ဖြစ်ခဲ့ပါတယ်။

မွေးဖွားတဲ့ကလေးအများစု (ဒါမှမဟုတ်) ၂၄ ပတ်မှာမွေးတဲ့ကလေးအားလုံးနီးပါးဟာ အသက်ရှုစက်ကို တပ်ဖို့ လိုအပ်မှာဖြစ်ပြီး၊ ပိုက်သွင်းဖို့ ဒါမှမဟုတ်အသက်ရှူပြွန်တစ်ခုထားရှိကာ အသက်ရှုကူညီပေးမယ့်စက်ကို တပ်ဆင်ထားဖို့ လိုအပ်တယ်။ ဂျာရီအတွက် စိုးရိမ်ပူပန်မှုကတော့ အရမ်းသေးတဲ့အတွက်ကြောင့်၊ သူက ၃၂၅ ဂရမ်၊ ၁၁ အောင်စခွဲထက်နည်းတဲ့အတိုင်းအတာက တကယ့်ကို သေးငယ်ပါတယ်။

ဘယ်လောက်သေးငယ်လဲဆိုတာ တွေးကြည့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ဂျာရီရဲ့ အသက်ရှုပြွန်နဲ့ အံ့ဝင်ခွင်ကျမဖြစ်မှာဆိုးခဲ့ရတယ်” လို့ ဒေါက်တာ ဂျာနီဖာက ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ ၊ သူနာပြုတစ်ဦးက အထစ်အငေါ့မရှိဘဲ ဂျာရီကို ပိုက်သွင်းပေးနိုင်ခဲ့ပါတယ်။ ဂျာရီနဲ့ အသက်ရှုပြွန်က အံ့ဝင်ခွင်ကျ ဖြစ်သွားခဲ့တဲ့အတွက် ဆရာဝန်လည်း စိတ်သက်သာရခဲ့ပါတယ်။ ဒါက ဂျာရီအတွက် ပထမဆုံးစိန်ခေါ်မှုပါပဲ။ ရှည်လျားတဲ့လမ်းကြောင်းကျန်နေပါသေးတယ်။

ဂျာရီက တစ်လခွဲလောက် အသက်ရှုစက်နဲ့ နေခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ၁၂၇ ရက် ကြာဆက်လက်နေခဲ့ရပါတယ်။ ဆရာဝန်၊ သူနာပြုတွေက စောင့်ကြည့်ပေးခဲ့ကြပါတယ်။ အထူးကြပ်မတ်ဆောင်မှာ ရှိနေစဥ် သွေးသွင်းတာနဲ့ ခွဲစိတ်တာတွေ လုပ်ခဲ့ရပေမဲ့ ဦးနှောက်ထဲ သွေးယိုတာ၊ နှလုံးရောဂါလိုကြီးကြီးမားမား ပြဿနာမျိုးတွေ မရှိခဲ့ပါဘူး။ ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိခွဲစိတ်တာလို အခြားခွဲစိတ်တာတွေလည်း မလိုခဲ့ပါဘူး။

၄ လကြာပြီးတဲ့နောက် ဇွန်လမှာ ဂျာရီက ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ အိမ်က ဝေးတဲ့အတွက် ဂျာရီက အောက်ဆီဂျင်နဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ၁ နှစ်ကြာ အခုတော့ ဂျာရီက အရပ် ၂ ပေနဲ့ ကိုယ်အလေးချိန် ၁၆ ပေါင်ခန့်ရှိပါပြီ။

Ref: ABCNews “Baby boy born at 11.5 ounces defeats the odds to ring in 1st birthday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top