ကျွန်တော်တို့ အကျွမ်းတဝင် ရင်းနှီးနေကျ စကားလေးတစ်ခုရှိပါတယ်။ “Practice Makes Perfect” တဲ့။ အဓိပ္ပာယ်ကတော့ ” လေ့ကျင့်မှုသည် ကျွမ်းကျင်မှုကို ဖြစ်စေသည် ” တဲ့။ ဒီစကားက စေ့စေ့ငှငှ မှန်ကန်ရဲ့လားလို့ မေးခွန်းထုတ်ကြဖူးကြတဲ့နောက် အလုံးစုံတော့ ပြည့်ဝတဲ့အဓိပ္ပါယ်မဟုတ်တာတော့ အသေအချာပါပဲ။ တစ်ချက်ဆန်းစစ်ကြည့်ရအောင်။
ကျွန်တော်တို့ကို လေ့လာသင်ယူမှုတစ်ခုမှာ တကယ်ကျွမ်းကျင်မှုရှိလာဖို့ လက်တွေ့ကျကျ လိုအပ်တာက ဘယ်လိုအရာဖြစ်ပါသလဲ။ နံပါတ် (၁) အချိန်ပေးလေ့ကျင့်နိုင်မှုလား နံပါတ် (၂ ) အချိန်ပေးသလောက် အမှန်တကယ်ထိရောက်မှုလား။ ဒါတွေနဲ့ ချိန်ထိုးပြီး အချိန်ပေးလေ့ကျင့်တိုင်း အမှန်တကယ်ခရီးရောက်ရဲ့လားဆိုရင်…။
သာဓကတစ်ခုအနေနဲ့ စန္ဒရားအတီးသင်သူတစ်ယောက်ဆိုပါစို့။ သူက လေ့ကျင့်မှုမှာ နာရီပေါင်းများစွာတော့ လေ့ကျင့်ရှာတယ်။ သို့ပေမဲ့ ပြီးစလွယ်လေ့ကျင့်တာမျိုးသာဖြစ်နေမယ်၊ ဖိတ်တစ်ဝက် စဉ်တစ်ဝက် ဖြစ်တဲ့အာရုံစူးစိုက်မှုနဲ့ဆိုရင် အချိန်တွေကုန်ပြီး ရှေ့ကိုရောက်ဖို့ ခဲရာခဲဆစ်နိုင်ပါလိမ့်မယ်။ လေ့ကျင့်မှုဟာ အနုစိတ်မှုပါ။ တစ်ဆက်တည်းမှာ အမှားကင်းမှုကိုပါ တောင်းဆိုပါတယ်။ ထပ်တလဲလဲ အမှားတွေကိုသာလေ့ကျင့်နေမိရင် ထပ်ထလဲလဲ အမှားတွေကိုသာ ကျင့်သားရလို့ ခေါင်းထဲစွဲလာမယ်။
လေ့ကျင့်မှုဟာ နည်းစနစ်တကျနဲ့ ချက်ချာပါးနပ်မှုပြည့်ဝပြီး ပညာသားပါပါ စိုက်နှစ်နိုင်မှုမရှိရင် နာရီတွေဘယ်လောက်ကျင့်ကျင့် အချည်းနှီးဖြစ်သွားနိုင်တဲ့ စွန့်စားမှုကတော့ တစ်ဘက်မှာအသင့်ရှိနေပါတယ်။
ဒီလိုမျိုးလေ့ကျင့်မှုမှာ ခြေချုပ်မိကြပြီး တိုးတက်ဖြစ်ထွန်းမှုနည်းတဲ့သူတွေလည်း မြင်တွေ့ဖူးကြမှာပါ။ ဘာတွေလွဲမှားနေလဲ အဖြေရှာကြည့်ရပါမယ်။ အဖြေက ကိုယ့်ရဲ့လေ့ကျင့်မှုအချိန်မိနစ်တိုင်းမှာ ထိထိရောက်ရောက် စနစ်တကျလေ့ကျင့်ဖို့ အမြဲပျက်ကွက်မှု လို့ဆိုရင် မှားမယ်မထင်ပါဘူး။
ထိရောက်တဲ့လေ့ကျင့်မှုဟာ ကိုယ့်ရဲ့လိုအပ်ချက်၊ အပြစ်အနာအဆာတွေအစ ရှုထောင့်ပေါင်းစုံက ကြည့်တတ်၊ မြင်တတ်၊ သိတတ်ခြင်းနဲ့ တိုးတက်လာအောင် အစွမ်းကုန်စိုက်ထုတ်မှုပါပဲ။ ဒါကို သက်သေပြခဲ့တာကတော့ စွမ်းဆောင်ရည်လေ့လာမှုပညာရှင်တစ်ဦးဖြစ်တဲ့ အဲရစ်ဆင်ပဲဖြစ်ပါတယ်။ သူ့ရဲ့လေ့လာမှုအရ မွေးရာပါ ပင်ကိုပါရမီအားကောင်းတဲ့သူကသာ ပိုပြီး သင်ယူမှုပေါက်မြောက်နိုင်တယ်၊ ပိုပြီးအောင်မြင်နိုင်တယ် ဆိုတဲ့အမြင်ကို တော်လှန်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ်က Psychological Review ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့လေ့လာမှုအရ လူတစ်ယောက်ရဲ့ ပါရမီဗီဇဆိုတာ နည်းမှန်လမ်းမှန်နဲ့ လေးနက်ထက်သန်မှုအပြည့်၊ စူးစူစိုက်စိုက်နဲ့ အနည်းဆုံး (၁၀) နှစ် အချိန်ရင်းနှီးလေ့ကျင့်နိုင်မှုရှိခြင်း ရလဒ်ပဲ လို့ ဆိုခဲ့ပါတယ်။ သူကတော့ ဘယ်နှကြိမ် ဘယ်နှဖန်လေ့ကျင့်တယ်ဆိုတဲ့ မဏ္ဍပ်တိုင်တက်ပြတာထက် ဘယ်လိုလေ့ကျင့်လဲဆိုတဲ့ လေ့ကျင့်မှုအရည်အသွေးကအဖြေပါပဲလို့ ပြောခဲ့ဖူးပြီး လူတိုင်းဘယ်သူမဆို လမ်းမှန်ကမ်းမှန်အတိုင်း လေ့ကျင့်နိင်ရင် ဘယ်လိုအရာဖြစ်ဖြစ် သင်ယူမှုပေါက်မြောက်နိုင်တာချည်းပဲလို့ သူက ယုံကြည်သူပါ။
နောက်ထပ်တစ်ပိုင်းကတော့ လေ့ကျင့်မှုပုံစံပါ။ လေ့ကျင့်သလောက် ခရီးရောက်ဖို့ဆိုရင် ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ပုံစံက အရေးကြီးလာပါတယ်။ ကလေးငယ်တစ်ယောက်ဟာ ဂစ်တာစပြီးတီးခတ်လာပြီ ဆိုပါစို့။ လေ့ကျင့်မှုအပိုင်းမှာ သူ့အတွက် သွားစရာနှစ်လမ်းရှိပါတယ်။ ကိုယ်ကြိုက်ရာလေးကိုယ်လုပ်သွားတဲ့ သမားရိုးကျလေ့ကျင့်မှုပုံစံနဲ့ နောက်တစ်ခုကတော့ မနှစ်သက်စရာတွေများတဲ့ ရည်ရွယ်ချက်ရှိစွာ သတိထားလေ့ကျင့်မှု (Deliberate Practice) ပဲ ဖြစ်ပါတယ်။
Delibrate Practice မှာ မနှစ်သက်စရာများပါတယ်။ သူက ရည်ရွယ်ချက်ရှိရှိ၊ သတိရှိရှိနဲ့ကို လေ့ကျင့်ရပြီး ကျွမ်းကျင်မှုပိုင်းအရ ကိုယ့်ရဲ့အားနည်ချက်တွေကိုပါ တောင့်တင်းခိုင်မာလာစေတဲ့ အစွမ်းကုန်လေ့ကျင့်မှုဖြစ်ပါတယ်။ အဓိကကတော့ လေ့ကျင့်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ်သိနေဖို့ပါပဲ။
လေ့ကျင့်မှုနဲ့ပတ်သက်လာရင် ကျွန်တော်တို့အားလုံးမှာ ကြောက်စရာတစ်ခုရှိတာက ပုံမှန်စွမ်းဆောင်ရည်ထက်ပိုလာစရာမရှိတော့တဲ့ လုပ်နေကျလေ့ကျင့်မှုတွေထဲ၊ တစ်နည်း Comfort Zone ထဲ ပျော်မွေ့နေမိခြင်းပါပဲ။ လေ့ကျင့်မှုလုပ်တယ်ဆိုတာ ပျော်စရာလေးလုပ်နေရလို့ ပျော်နေရတာ မဆန်းပေမဲ့ ပိုပြီးကျွမ်းကျင်မှုအားကောင်းလာချင်ရင် ကိုယ့်အားသန်ရာမဟုတ်တဲ့ ပျော်စရာမကောင်းတာတွေကိုပါ အချိန်ပိုပေးပြီး လေ့ကျင့်တိုးထွက်လာရပါလိမ့်မယ်။ ဒါဟာ Deliberate Practice ပါပဲ။ အင်မတန်ကိုအကျိုးကြီးမားတဲ့ လေ့ကျင့်မှုပုံစံပါ လို့ သုတေသနထောက်ခံမှုတွေရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ကိုယ်ထင်ထားတာထက်ပိုများတဲ့ ရိတ်သိမ်းစရာတိုးတက်မှုတွေကို ဒီလေ့ကျင့်မှုပုံစံကနေတစ်ဆင့် ကိုယ့်အတွက် လက်ဆောင်ရလာပါလိ့မ်မယ်။
Ref: Curiosity “Practice Won’t Make Perfect, But Deliberate Practice Might”
AI (ရိုးရာလေး)