မြန်မာနိုင်ငံတွင်ကျင်းပမည့်ပြိုင်ပွဲ၌ အတွေ့အကြုံအသစ်များရယူရန် အဆင်သင့်ဖြစ်နေသည့် မွေထိုင်းလက်ဝှေ့သမား Petchmorakot

Petchmorrakot_Wor_Sangprapai_athletes-hero-600x583.jpg

မွေထိုင်းလောကတွင် (၁၅) နှစ်နီးပါးကျင်လည်ခဲ့သော Petchmorakot သည် ရန်ကုန်မြို့တွင် ကျင်းပမည့် ONE: REIGN OF VALOR ပြိုင်ပွဲကြီး၌ ONE Super Series Kickboxing ပွဲစဉ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မတ်လ (၈) ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံအတွင်း ကျင်းပမည့် ONE Championship ၏ ဖယ်သာဝိတ် Kickboxing ပြိုင်ပွဲတွင် အသက် (၂၅) နှစ်ရှိပြီဖြစ်သော Petchmorakot သည် ထိပ်တန်း Kickboxing ကစားသမား ဂျပန်လူမျိုး Kenta Yamada နှင့် ရင်ဆိုင်ထိုးသတ်မည်ဖြစ်သည်။

“ဂျပန်နိုင်ငံသား အားကစားသမားတွေက ကြံ့ခိုင်မှုဂုဏ်ကြောင့် နာမည်ကျော်ကြားတယ်။ ဒီစိန်ခေါ်မှုကို ကျွန်တော် အင်မတန် သဘောကျပါတယ်” ဟု Petchmorakot က ပြောဆိုခဲ့သည်။

မကြာသေးမီကယှဉ်ပြိုင်ခဲ့သောပွဲစဉ်တွင် Petchmorakot သည် ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အလဲထိုးအနိုင်ယူပြီး ၎င်း၏ ကျင်လည်လှသည့် တိုက်ခိုက်မှုစွမ်းရည်ကို သက်သေထူခဲ့သည်။ မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားသည့် Petchmorakot သည် ကမ္ဘာ့ထိပ်တန်းကိုယ်ခံပညာကစားသမားများတွင် တစ်ဦးအပါအဝင် ဖြစ်သော Liam “Hitman” Harrison နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးတွင် ၎င်းကျွမ်းကျင်သည့် မွေထိုင်းပြိုင်ပွဲစည်းကမ်းအတိုင်း ထိုးသတ်ခဲ့သည်။

တစ်ဦးနှင့်တစ်ဦးအကဲစမ်းသော ပထမအချီအပြီးတွင် Petchmorakot သည် တိုက်စစ် ပြင်းပြင်းထန်ထန် စတင်ခဲ့သည်။ ဒုတိယအချီ တစ်မိနစ်ခန့်တွင် ပြိုင်ဘက် “Hitman”ကို သံဇကာနားကပ်သွားသည်အထိ Petchmorakot တိုက်စစ်ဆင်ခဲ့သည်။ ထို့နောက် အားပါသည့် လက်ရုံးအားဖြင့် ဗြိတိသျှလူမျိုး “Hitman” ၏ ညာလက်ကိုဖယ်ရှားကာ Petchmorakot က ၎င်း၏နာမည်ကျော် ဘယ်တံထောင်ဖြင့် ပွဲသိမ်းပေးလိုက်သည်။

သို့သော် ဂျပန်လူမျိုး Kickboxingကစားသမား Kenta Yamada နှင့်ယှဉ်ပြိုင်မည့် Kickboxing ပွဲစဉ်၌ Petchmorakot သည် ဘန်ကောက်အားကစားရုံများတွင် နာမည်ကျော်ခဲ့သော ပူးကပ်သတ်ကွက်နှင့် ၎င်း၏အမှတ်တံဆိပ်သဖွယ်ဖြစ်သော တံတောင်တိုက်ချက်များကို အသုံးပြုခွင့်ရမည်မဟုတ်ပေ။ ယခုပွဲတွင် Petchmorakot သည် လက်သီး၊ ခြေကန်ချက်နှင့် ဒူးတိုက်ချက်များကိုပဲ အသုံးပြုခွင့်ရမည်ဖြစ်သည်။ Kickboxing ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်၍ ၎င်း၏လေ့ကျင့်ရေးအစီအစဉ်များကို ပြောင်းလဲခဲ့သည်။

“စည်းကမ်းအသစ်တွေအတွက် ကျွန်တော် နည်းနည်းတော့ စိုးရိမ်မိတယ်။ ကျွန်တော်အတွက် အတွေ့အကြုံအသစ်စက်စက်ပါ” ဟု ၎င်းက ဝန်ခံပြောဆိုခဲ့သည်။ “ ကျွန်တော် လက်ဝှေ့နည်းစနစ်တွေကို အများကြီးအာရုံစိုက်လေ့ကျင့်တယ်။ ဘယ်ခြေကန်ချက်ကိုလည်း အပြင်းအထန်လေ့ကျင့်တယ်။ Kickboxing ထိုးသတ်မှုတွေလည်း အများကြီးပြင်ဆင်လေ့ကျင့်ထားတယ်”

မွေထိုင်းလက်ဝှေ့နည်းစနစ်မှ Kickboxing နည်းကို ပြောင်းလဲလေ့ကျင့်ရာတွင် အပြောင်းအလဲများစွာကို ကြုံတွေ့ရသည့်အပြင် Petchmorakot သည် တစ်နေ့လျှင် ၆နာရီကျော် လေ့ကျင့်ရသည့် Petchyindee အကယ်ဒမီ၏ လေ့ကျင့်ရေးနည်းစနစ်များကိုလည်း အပြင်းအထန်လေ့ကျင့်ခဲ့သည်။ ကမ္ဘာ့ထိပ်တန်း Kickboxing ကစားသမား Kenta Yamada ကို အနိုင်ရရန်အတွက် Petchmorakot သည် ယခုလေ့ကျင့်မှုများကို မဖြစ် မနေ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အသက် (၃၁) နှစ်အရွယ် တိုကျိုမြို့သား Kenta Yamada သည် ONE Super Series ပွဲစဉ်တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း လက်ဝှေ့ နှင့် Kickboxing ပြိုင်ပွဲအတွေ့အကြုံ အင်မတန်များပြားခဲ့သူတစ်ဦးဖြစ်သည်။ ၎င်းအတွေ့အကြုံများက ယခုပြိုင်ပွဲတွင် Kenta Yamada အတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

“ပြိုင်ဘက်ရဲ့သက်လုံးသတ်ပေါက်ကို ကျွန်တော် ကြည့်ရှုလေ့လာခဲ့တယ်။ သူက မြန်ဆန်ပြီး ခွန်အားကောင်းတယ်၊ လက်သီးချက်တွေလည်း သိပ်မြန်တယ်။ ခြေကန်ချက်တွေလည်း အင်မတန်ကောင်းတယ်” ဟု Petchmorakot က ပြောကြားသည်။

“ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ တိုက်ခိုက်ရေးဉာဏ်ရည်ကို အသုံးချဖို့ ကျွန်တော်စဉ်းစားထားတယ်။ ဘယ်ခြေနဲ့ ဦးဆောင်တိုက်ခိုက်မှု အစပျိုးမယ်။ ပြီးရင်တော့ မီးစင်ကြည့်ကရမှာပဲ၊ ကျွန်တော်ရဲ့ တိုက်ခိုက်မှုစွမ်းရည်အသစ်တွေကို ပြသခွင့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်။ ဒီပွဲက တကယ့်ကို အမှတ်ရစရာဖြစ်ရမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

Petchmorakot သည် ONE Super Series ဖယ်သာဝိတ် ကမ္ဘာ့ Grand Prix ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမား (၈) ဦးအနက် တစ်ဦးအပါဝင်ဖြစ်သည်။ ထို့ကြောင့် Kenta Yamada နှင့် ထိုးသတ်မည့် ယခုပြိုင်ပွဲသည် Petchmorakot အတွက် လာမည့်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုလည်းဖြစ်နေသည်။

“ONE: REIGN OF VALOR ပြိုင်ပွဲကြီးမှာ ထိုးသတ်မယ့်ပွဲက Kickboxingသမားအနေနဲ့ ကျွန်တော်ရဲ့ကျွမ်းကျင်မှုကို လက်ရည်သွေးဖို့ အခွင့်အလမ်းတစ်ခုပါပဲ” ဟု Petchyindee က ဆိုသည်။

“ ကျွန်တော်အတွက် ကမ္ဘာ့ Grand Prix ပြိုင်ပွဲတွေ မစခင်မှာ Kickboxing ပြိုင်ပွဲကစားရတာ သိပ်ကောင်းပါတယ်” ဟု သူက ဆက်လက်ပြောဆိုပါသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top