ရေဘဝဲရဲ့လက်များဟာ ဦးနှောက်မှခိုင်းစေစရာမလိုပဲ ဆုံးဖြတ်ချက်များကိုပြုမူတတ်ပါတယ်

1537456132881-shutterstock_555134572-1.jpg

ကျွန်တော်တို့လူသားတွေဟာ ခက်ခဲတဲ့သင်္ချာပုစ္ဆာများဖြေရှင်းတာကစလို့ သာမန်အသေးအဖွဲကိစ္စတိုင်းအထိ ပြုလုပ်ဖို့အတွက် ဦးနှောက်ရဲ့ input တစ်ခုမှ ခိုင်းစေဖို့လိုပါတယ်။ ဒါပေမဲ့ ရေဘဝဲများကတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အသိဉာဏ်စနစ်ဟာ အနည်းငယ်ထူးဆန်းစွာ ဖွဲ့စည်းဖြစ်တည်နေပါတယ်။ ဒီလက်ရှစ်ဖက်နဲ့ သက်ရှိများဟာ ကမ္ဘာပေါ်ကအခြားသက်ရှိများနဲ့မတူဘဲ တစ်မျိုးတစ်ဖုံ မျိုးဆင့်ပြောင်းလဲမှုဖြစ်စဉ်ကနေလာကြပါတယ်။

ရေဘဝဲများရဲ့ အသိဉာဏ်စနစ်ဟာ အနည်းငယ်ထူးဆန်းစွာ ဖွဲ့စည်းဖြစ်တည်နေ

ကျွန်တော်တို့လိုကျောရိုးရှိသတ္တဝါများပိုင်ဆိုင်တဲ့ ဗဟိုပြုအသိစိတ်စနစ် (centralized nervous system) မျိုးမဟုတ်ဘဲ ရေဘဝဲများရဲ့ အသိစိတ်စနစ်ရဲ့ ၃ ပုံ ၂ ပုံဟာ သူ့ရဲ့ ခန္ဓာတစ်လျှောက်မှာ ပြန့်နှံ့တည်ရှိနေပြီး အများစုက သူ့ရဲ့လက်များမှာဖြစ်တယ်လို့ဆိုပါတယ်။ အခု ဒီလက်များမှာရှိတဲ့ အသိစိတ်စနစ်များဟာ ဦးနှောက်ရဲ့ ထိန်းချုပ်ခိုင်းစေမှုမလိုအပ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုလုပ်ဆောင်နိုင်တယ်လို့ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။

ရေဘဝဲများရဲ့ အသိစိတ်စနစ်ရဲ့ ၃ ပုံ ၂ ပုံဟာ သူ့ရဲ့ ခန္ဓာတစ်လျှောက်မှာ ပြန့်နှံ့တည်ရှိနေ

ဒါကြောင့် ဒီအသိစိတ်စနစ်အတွင်းမှာရှိတဲ့ နျူရွန်ထိပ်ခေါင်းများဟာ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာကတော့ မေးစရာဖြစ်လာပါပြီလို့ University of Washington မှ နျူရွန်သိပ္ပံပညာရှင် David Gire က ပြောကြားခဲ့ပါတယ်။ ဒီလေ့လာမှုကို အကြီးစားပစိဖိတ်ရေဘဝဲများဖြစ်တဲ့ Enteroctopus dofleini နဲ့ အရှေ့ပစိဖိတ်ရေဘဝဲနီများဖြစ်တဲ့ Octopus rubescens အပေါ်မှာ အခြေခံပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီရေဘဝဲများဟာ နျူရွန်ပေါင်း သန်း (၅၀၀) ခန့်ပိုင်ဆိုင်ပြီး သန်း (၃၅၀) လောက်ကတော့ သူတို့ရဲ့ လက်များအတွင်းမှာတည်ရှိနေကာ ganglia လို့ခေါ်တဲ့ အစုအဝေးများအတွင်းမှာ စီရီတည်ရှိနေကြပါတယ်။ ဒီအချက်က ရေဘဝဲများကို သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာများထက် ပိုမိုမြန်ဆန်တဲ့အာရုံတုန့်ပြန်မှု (reflex) ကို ပိုင်ဆိုင်စေတယ်လို့တွေ့ရပါတယ်။ အောက်ကဗီဒီယိုကို လေ့လာနိုင်ပါတယ်။

ဒီရေဘဝဲများရဲ့ လက်များဟာ ဦးနှောက်လုပ်ဆောင်မှုကိုကျော်တဲ့ (bypass) နျူရွန်ကွင်းများပိုင်ဆိုင်နေပြီး ပတ်ဝန်းကျင်ကရရှိတဲ့အချက်အလက်များကို ဦးနှောက်ဆီမပို့ဆောင်တော့ပဲ သင့်လျော်သလို ပြန်လည်တုန့်ပြန်တတ်ကြတယ်လို့ သူတို့ရဲ့ လေ့လာမှုမှာရေးသားထားပါတယ်။ ဒါကြောင့် ဦးနှောက်ဟာ ဒီလက်များ ဘယ်နေရာကိုရောက်နေသလဲဆိုတာ သိပ်ပြီးသေသေချာချာမဖြစ်တော့ဘဲ တစ်နေရာကနေ တစ်နေရာကို တရွတ်စွဲသွားတဲ့ရွေ့လျားမှုမျိုးဆိုရင် လက်များက သူ့အလိုလိုလုပ်ဆောင်ကြပါတယ်လို့ဆိုပါတယ်။

စုပ်ခွက်များဟာ ပတ်ဝန်းကျင်ကအချက်အလက်များကို တိုက်ရိုက်ယူဆောင်ကာ လက်များအတွင်းမှနျူရွန်များက process လုပ်ကာ လိုအပ်တဲ့တုန့်ပြန်မှုကို လုပ်ဆောင်ကြ

သုတေသီများဟာ ဒီရေဘဝဲများရဲ့ အပြုအမူကိုနောက်ယောက်ခံခြင်းနဲ့ နျူရွန်မှတ်တမ်းတင်ခြင်းနည်းများကိုပါ အသုံးပြုလေ့လာခဲ့ကြပါတယ်။ ရေဘဝဲများရဲ့လက်များဟာ ပတ်ဝန်းကျင်ရဲ့ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုတုန့်ပြန်လေ့ရှိသလဲ၊ သွားလာလေ့ရှိသလဲဆိုတဲ့အချက်များကိုပါ လေ့လာမှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီအခါမှာတော့ ရေဘဝဲများရဲ့လက်များမှစုပ်ခွက်များဟာ ပတ်ဝန်းကျင်ကအချက်အလက်များကို တိုက်ရိုက်ယူဆောင်ကာ လက်များအတွင်းမှနျူရွန်များက process လုပ်ကာ လိုအပ်တဲ့တုန့်ပြန်မှုကို လုပ်ဆောင်ကြတယ်ဆိုတာကို တွေရှိခဲ့ပါတယ်။ ဦးနှောက်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို လိုအပ်ကြပါတယ်။

ရေဘဝဲများဟာ ကမ္ဘာပေါ်က ဘယ်သက်ရှိနဲ့မှ ပုံသဏ္ဍာန်ချင်းမဆင်တာကြောင့် အခြားဂြိုဟ်များမှာအစပြုခဲ့တဲ့သက်ရှိများလို့ ယူဆလေ့ရှိ

ဒီလေ့လာမှုဟာ အရင်ကခပ်ရေးရေးတင်ပြခဲ့တဲ့စာတမ်းများကို အတည်ပြုပေးသွားတာဖြစ်ပါတယ်။ ရေဘဝဲများဟာ ကမ္ဘာပေါ်က ဘယ်သက်ရှိနဲ့မှ ပုံသဏ္ဍာန်ချင်းလဲမဆင်တာကြောင့် သူတို့ဟာ ကမ္ဘာကဆိုတာထက် အခြားဂြိုဟ်များမှာအစပြုခဲ့တဲ့သက်ရှိများဖြစ်တယ်လို့ ယူဆလေ့ရှိကြပါတယ်။ (ဒီစာတမ်းတစ်ခုမှာဆိုရင် သူတို့ဟာ အမှန်တကယ်ဂြိုဟ်သားများဖြစ်တယ်လို့ ဖော်ပြထားတာကိုလဲ တွေ့ရပါတယ်) ဒါကြောင့် ဒီအချက်ဟာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူတို့ကိုလေ့လာခြင်းဟာ ကမ္ဘာပေါ်က အသိဉာဏ်များအကြောင်း ကောင်းမွန်စွာလေ့လာရာရောက်သလို တကယ်လို့ တစ်နေ့မှာ အသိဉာဏ်မြင့် ဂြိုဟ်သားများလာခဲ့မယ်ဆိုရင်တောင် ကြိုတင်ပြင်ဆင်ထားရာရောက်တယ်လို့ သုတေသီများက သူတို့ရဲ့ စာတမ်းအတွင်းမှာ အရွှန်းဖောက်ရေးသားထားတာကိုတွေ့ရပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top