၂၀၁၈ ခုနှစ်အတွက် CNN ကရွေးချယ်တဲ့ တစ်နှစ်တာရဲ့ သူရဲကောင်းဆုရှင် နှလုံးလှ ဆရာဝန်

GettyImages-1070927568-1150x767.jpg

ဒေါက်တာ ရီကာဒို ပန်ချွန်း (Dr. Ricardo Pun-Chong) အတွက်တော့ ဆရာဝန်တစ်ယောက်ဖြစ်ရခြင်းဟာ လူနာတွေကို ဆေးကုပေးရုံနဲ့တင် မလုံလောက်ဘဲ လူနာရဲ့ မိသားစုကိုလည်း ဂရုစိုက် စောင့်ရှောက်ပေးဖို့ အရေးပါတယ်လို့ ခံယူထားတာပါ။

ပီရူးနိုင်ငံ၊ လီမာမြို့မှာ ဆေးဘက်ဆိုင်ရာ သင်တန်းတစ်ခုကို တက်ရောက်ခဲ့ပြီးတဲ့နောက် ဒေါက်တာ ပန်ချွန်းဟာ နိုင်ငံအနှံ့အပြားက ကလေးငယ်များစွာကို ဂရုတစိုက် ကုသ စောင့်ရှောက်မှုပေးနေသူ ဖြစ်ပါတယ်။ အဲဒီကလေးငယ်တွေဟာ ဆေးကုသမှု ခံယူဖို့အတွက် အန္တရာယ်များလှတဲ့ လမ်းတွေနဲ့ မြစ်အသွယ်သွယ် တောင်အထပ်ထပ်ကို မိဘတွေနဲ့အတူ ဖြတ်သန်းပြီးမှ လာကြရတာလည်း ဖြစ်ပါတယ်။

ဆေးကုသဖို့ နေရပ်ကနေ အဝေးကို ခက်ခဲစွာလာကြရတဲ့ မိသားစုတွေဟာ ဟိုတယ်မှာ ရက်ရှည် ငှားရမ်းတည်းခိုဖို့လည်း မတတ်နိုင်ကြတဲ့အတွက် ဆေးရုံကြမ်းပြင်ပေါ်မှာပဲ တိုးဝှေ့ အိပ်စက်ကြရပါတယ်။ ဒီအဖြစ်ကို ဒေါက်တာပန်ချွန်း မြင်လိုက်ရပြီးတဲ့နောက်မှာတော့ သူတို့အတွက် အကူအညီ တစ်ခုခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် ၂၀၀၈ ခုနှစ်မှာ Inspira လို့အမည်ပေးထာတဲ့ ပရဟိတဂေဟာကို စတင်တည်ထောင်ခဲ့ကာ ဆေးကုသမှုခံယူနေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အစားအစာ၊ နေထိုင်ဖို့နေရာနဲ့ ဆေးဝါး အထောက်အပံ့တွေ ကူညီပေးခဲ့ပြီး ဒီနေ့အထိ ဒေါက်တာပန်ချွန်းရဲ့ အဖွဲ့အစည်းကနေ အကူအညီပေးခဲ့တဲ့ မိသားစုပေါင်း ၈၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဆေးကုသမှုလာရောက်ခံယူတဲ့ ကလေးတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် နေထိုင်စရာ၊ အစားအစာနဲ့ တခြားသော အထောက်အပံ့တွေ ကူညီပေးဖို့ စွမ်းစွမ်းတမံအားထုတ်ခဲ့တဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် CNN ကရွေးချယ် ချီးမြှင့်တဲ့ တစ်နှစ်တာရဲ့ သူရဲကောင်းဆုရှင်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေညက ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဆုအတွက်
အွန်လိုင်းမဲပေးသူတွေက CNN ရဲ့ နောက်ဆုံးဆန်ကာတင် ၁၀ ဦးထဲကနေ ဒေါက်တာပန်ချွန်းကို တညီတညွတ်တည်း ရွေးချယ်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒေါက်တာပန်ချွန်းဟာ သူ့ရဲ့ ပရဟိတ အလုပ်တွေကို တစိုက်မတ်မတ်၊ ဆက်လက်လုပ်ကိုင်နိုင်ဖို့ ဆုကြေး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ရရှိမှာဖြစ်ပြီး ၂၀၁၈ အတွက် CNN ရဲ့ သူရဲကောင်းဆုရှင် စာရင်းဝင် ၁၀ ဦးလုံးဟာ ငွေသား အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့အတူ ဒေါ်လာ ၅၀,၀၀၀ နဲ့ ညီမျှတဲ့ အလှူပစ္စည်းတွေကို ရရှိကြမှာပါ။

အစီအစဉ် တင်ဆက်သူတွေဖြစ်တဲ့ အန်ဒါဆင် ကူးပါးနဲ့ ကယ်လေ ရီပါတို့က သူ့အတွက် တစ်နှစ်တာရဲ့ သူရဲကောင်းဆုတံဆိပ်ကို ချီးမြှင့်ပေးခဲ့ကြပြီး

“အခုရတဲ့ဆုငွေတွေကို ကျွန်တော်တို့အဖွဲ့ရဲ့ ဂေဟာအသစ် ဆောက်တဲ့နေရာမှာ သုံးမှာပါ။ ဒီဆုငွေတွေကြောင့် အရင်ကထက် သုံးဆလောက်ပိုပြီး ကူညီထောက်ပံ့မျုတွေပေးနိုင်ပြီပေါ့” လို့ ဒေါက်တာ ပန်ချွန်းက ဆိုခဲ့ကာ ဆုရွေးချယ်ချီးမြှင့်ပေးတဲ့ CNN နဲ့ မဲပေး ရွေးချယ်ခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကလေးငယ်တွေကမှ တကယ့် သူရဲကောင်းတွေပါ … ချစ်ခြင်းမေတ္တာမှာ စည်းခြားကန့်သတ်မှုတွေ ရှိမနေကြောင်းကို ပြသရင်း ကျွန်တော်တို့အဖွဲ့ကို ယုံကြည် အသိအမှတ်ပြု အားပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” လို့လည်း ဒေါက်တာပန်ချွန်းက ထပ်လောင်း ပြောခဲ့ပါတယ်။

Ref: CNN “Doctor with a big heart is 2018 CNN Hero of the Year”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top