အစုလိုက်အပြုံလိုက် ယဇ်ပူဇော်ခံရတဲ့ ကလေးအလောင်းတွေ တွေ့ရှိ

yitpuuzaw.jpg

ပီရူးနိုင်ငံသမိုင်းတစ်လျှောက်မှာ တစ်ကြိမ်တည်းနဲ့ ကလေးငယ်အများဆုံး ယဇ်ပူဇော်ခံရမှုလို့ ယုံကြည်ရတဲ့ ရုပ်အလောင်းတွေကို ရှေးဟောင်းပညာရှင်တွေက တူးဖော်တွေ့ရှိခဲ့ပါတယ်။ ပီရူးနိုင်ငံမြို့တော် လီမာမြို့မြောက်ဘက်မှာရှိတဲ့ ဟွမ်ချာကိုကမ်းရိုးတန်းမြို့နားမှာ အသက် ၅ နှစ်ကနေ ၁၄ နှစ်ကြားအရွယ်ရှိတဲ့ ကလေးငယ် ၂၂၇ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်က ယဇ်ပူဇော်ခံခဲ့ရတာဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ အခုတူးဖော်တွေ့ရှိရတဲ့ ရုပ်အလောင်းတွေအနက် တချို့ရုပ်အလောင်းတွေကတော့ ဆံပင်နဲ့ အရေပြားတွေရှိနေဆဲပဲလို့ ရှေးဟောင်းပညာရှင်တွေက ပြောပါတယ်။ ကလေးငယ်တွေဟာ စိုစွတ်တဲ့ ရာသီဥတုမှာ အသတ်ခံခဲ့ရတဲ့ လက္ခဏာရှိပြီး ပင်လယ်ပြင်ကို မျက်နှာမူလျက်အနေအထားနဲ့ မြေမြှုပ်ခံခဲ့ရလို့ ချီမူမျိုးနွယ်တွေရဲ့ နတ်ဘုရားတွေကို ယဇ်ပူဇော်ခဲ့ပုံပေါ်ပါတယ်။

ပီရူးနိုင်ငံမြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ နေထိုင်လေ့ရှိတဲ့ ချီမူမျိုးနွယ်တွေဟာ အဲဒီဒေသရဲ့အင်အားအကြီးဆုံး လူ့အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပြီး သက္ကရာဇ် ၁၂၀၀ ကနေ ၁၄၀၀ ကြားကာလအတွင်းမှာ အင်အားအကြီးထွားဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အင်ကာမျိုးနွယ်တွေရဲ့သိမ်းပိုက်ခြင်းခံခဲ့ရပါတယ်။ အင်ကာမျိုးနွယ်တွေကို စပိန်တွေက သိမ်းပိုက်ခဲ့ပါတယ်။
ချီမူမျိုးနွယ်တွေဟာ ရှီလို့ခေါ်ဆိုကြတဲ့ လနတ်ဘုရားကို ကိုးကွယ်ကြပြီး လက နေထက် အင်အားကြီးတယ်လို့ ယုံကြည်ခဲ့ကြသူတွေပါ။ အင်ကာမျိုးနွယ်တွေကတော့ နေက လထက် အင်အားကြီးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top