နှမကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အစ်ကို ၂ ယောက်ကို လွှတ်ပေးဖို့ မိဘတွေ တောင်းဆိုခဲ့ပေမဲ့ တရားရုံးပယ်ချ

intl03.jpg

နှမကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အစ်ကို ၂ ယောက်ကို လွှတ်ပေးဖို့ မိဘတွေရဲ့ တောင်းဆိုမှုကို ပါကစ္စတန်တရားရုံးက ပယ်ချခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ကျော်ကြားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ကန်ဒီးဘာလော့ချ်ဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက လည်ပင်းညှစ်သတ်ခံခဲ့ရပါတယ်။ မိသားစုကို ဂုဏ်သိက္ခာကို အဖတ်ဆယ်ခဲ့ပုံပေါ်တဲ့ လူသတ်မှုက ပါကစ္စတန်နိုင်ငံမှာတင်မက တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်စေခဲ့ပါတယ်။

သမီးဖြစ်သူ အသတ်ခံရတဲ့ဖြစ်ရပ်မှာ ရုံးတင်စစ်ဆေးခံနေတဲ့ ဝါဆင်နဲ့ အစ်လမ်တို့ကို ခွင့်လွှတ်တယ်လို့ ကန်ဒီးဘာလော့ချ်ရဲ့မိဘတွေက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ အစောပိုင်းမှာ ဝါဆင်က ကန်ဒီးဘာလော့ချ်ကို သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ညီမဖြစ်သူက မိသားစုကို အရှက်ခွဲခဲ့တယ်လို့ ထုတ်ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ သူမသတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ထပ် အမျိုးသား ၆ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ ၇ ယောက်မြောက် သံသယရှိသူကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

သူကလည်း ကန်ဒီးဘာလော့ချ်ရဲ့ အစ်ကိုလို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာ မိသားစုကို အရှက်ခွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးတွေကို မကြာခဏသတ်ဖြတ်လေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း မိသားစုဂုဏ်သိက္ခာထိန်းတာဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီး ၁၁၀၀ နီးပါးကို သူတို့ရဲ့ မိသားစုဝင်တွေက သတ်ခဲ့ကြတယ်လို့ ပါကစ္စတန်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့တဲ့ ကန်ဒီးဘာလော့ချ်ဟာ
ပါကစ္စတန်နိုင်ငံရဲ့ တင်းကျပ်တဲ့ လူမှုစံနှုန်းတွေကို ချိုးဖောက်ပြီး သူ့စိတ်ဆန္ဒရှိတဲ့အတိုင်း ပြုမူခဲ့လို့ အကြောက်အရွံမရှိသူလို့ ချီးကျူးခံခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ကင်ကာဒေးရှန်လို့ တင်စားခံခဲ့ရတဲ့ ကန်ဒီးဘာလော့ချ်ဟာ လူမှုကွန်ရက်ပေါ်မှာ အားပေးသူ သိန်းချီရှိပြီး သူ အသတ်မခံရခင်နှစ်က ပါကစ္စတန်လူမှုကွန်ရက်မှာ ရှာဖွေမှုအများဆုံး ထိပ်တန်း ၁၀ ဦးစာရင်းဝင်ခဲ့ပါတယ်။ ကျော်ကြားလာခဲ့ပြီးနောက်မှာတော့ ကန်ဒီးဘာလော့ချ်ရဲ့ ဘဝဇာတ်ကြောင်းလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး ကလေးတစ်ယောက်ရခဲ့ပါတယ်။ သူ့ယောကျာ်းက အရမ်းရက်စက်ပြီး သူ့ကို အနိုင်ကျင့်လို့ သားလေးကိုခေါ်ပြီး ထွက်ပြေးလာပေမဲ့ ကလေးကို ကျွေးမွေးဖို့ ပိုက်ဆံမရှိတဲ့အတွက် ယောကျ်ားဆီ ပြန်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ဥပဒေအရ လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို အသတ်ခံရသူရဲ့မိသားစုတွေက ခွင့်လွှတ်ပေးရင် အပြစ်ကနေ လွတ်ပေးရမယ်ဆိုတဲ့ ဟာကွက်ရှိနေပါတယ်။ အရင်တုန်းက ဒီဟာကွက်ကိုသုံးပြီး လွတ်မြောက်သွားသူတွေရှိပေမဲ့ ကန်ဒီးဘာလော့ချ်ရဲ့ဖြစ်ရပ်ကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာချိန်မှာတော့ ဒီဟာကွက်ကိုပါ ပိတ်ပစ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top