ကြောင်လေးကို ချန်ထားခဲ့ရမှာဆိုးလို့ ဝူဟန်မြို့ကနေ ထွက်ခွာမသွားခဲ့တဲ့ ကနေဒါသူလေး

yyl-019-8.jpg

ကိုရိုနာဗိုင်းရပ်စ်သစ်စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ဗိုင်းရပ်စ်တွေ ပျံ့နှံ့နေတာကြောင့် ပြီးခဲ့တဲ့လက ဝင်ထွက်သွားလာခွင့်တွေပိတ်ထားခဲ့တာပါ။ အဲဒါကြောင့်ပဲ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ နေထိုင်သူတွေရှိနေပါတယ်။ အဲဒီသူတွေထဲမှာ ကနေဒါသူလေး ခရစ်စ်တီးနား ရှရန်ကို လည်းအပါအဝင်ပါပဲ။ သူဟာ ဝူဟန်မြို့ကို ပိတ်မပစ်ခင်က မြို့ကနေ ရှောင်တိမ်းဖို့အခွင့်အရေးရခဲ့ပေမဲ့ ဒီမြို့ကနေ ထွက်မသွားဘဲ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် သူ့ရဲ့ကြောင်လေး ကစ်ယာကို ချန်မထားခဲ့ချင်တာကြောင့်ပါပဲ။

ဗန်ကူးဗားမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရှရန်ကိုက သူ့ရဲ့ကောင်လေးရှိတဲ့ဝူဟန်ကို လွန်ခဲ့တဲ့ (၁) နှစ်ကျော်က ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေက ဝူဟန်မြို့ကို မပိတ်ပစ်ခင်မှာ ကနေဒါနိုင်ငံကို ပြန်ပို့ပေးဖို့ လေယာဉ်စီစဉ်ခဲ့တဲ့အခါမှာ ရှရန်ကိုက ထွက်သွားဖို့ စာရင်းသွင်းခဲ့ပေမဲ့ သူ့ကြောင်လေးကိုလည်း ခေါ်သွားခွင့်မရှိတဲ့အတွက် လိုက်မသွားဖြစ်ခဲ့ပါဘူး။ “ကျွန်မရဲ့သူငယ်ချင်းကို ပေးလိုက်ရင်တောင် ကြောင်လေးကို စွန့်ပစ်လိုက်သလိုဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်သစ်ပျံ့နှံ့မှုက ဘယ်တော့ပြီးဆုံးမလဲဆိုတာ ကျွန်မမသိပါဘူး” လို့ ရှရန်ကိုက ပြောပါတယ်။

ဝူဟန်မြို့ကို ပိတ်ထားတဲ့အချိန်မှာ သူ့ရဲ့ကောင်လေးက အလုပ်ကိစ္စနဲ့ခရီးထွက်နေပြီး ဒီကို ပြန်မလာနိုင်ခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ သူ့ရဲ့ကြောင်လေးနဲ့အတူ တစ်ယောက်တည်းနေထိုင်နေတာ (၁) လ ဝန်းကျင်ရှိနေပါပြီ။ ဝူဟန်မြို့က ပိတ်ထားကတည်းက တရုတ်အစိုးရက လမ်းပန်းဆက်သွယ်ရေးအကုန်လုံးနဲ့ ဟူပိုင်ပြည်နယ်အပြင်ဘက်ထွက်ခွင့်မရအောင် ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။ လူသန်းပေါင်း (၅၀) ကျော်က ထိန်းချုပ်မှုအောက်မှာ ရှိနေကြပါတယ်။ ရှရန်ကိုက ဝူဟန်မြို့က သူ့ရဲ့တိုက်ခန်းအပြင်ဘက်ကို ထွက်ရင် mask ဝတ်ဆင်ရပြီး သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ရဲအရာရှိတွေက စစ်ဆေးရပါတယ်။

ဝူဟန်မြို့အခြေအနေအကြောင်းကိုလည်း သူက “အပြင်ဘက်မှာလည်း သရဲမြို့လို့ပါပဲ။ ကျွန်မက အရမ်းကြီးတဲ့ရှော့ပင်းမောနဲ့ မျက်နှာချင်းဆိုင်မှာ နေထိုင်တာပါ။ အဲဒီရှော့ပင်းမောက အမြဲတမ်းလူစည်ခဲ့ပါတယ်။ ရှော့ပင်းမောရဲ့ကားပါကင်ကို ဝင်မယ့်လမ်းကတောင် အမြဲတမ်းကျပ်နေတာပါ။ အခုဆိုရင် အပြင်ဘက်မှာ လူလည်းမရှိတော့ဘူး။ ကားတွေလည်းမရှိတော့ပါဘူး” လို့ ပြောပါတယ်။

ဝူဟန်မြို့မှာ ပိတ်မိနေရင်း သူက ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ၊ ကီယာနဲ့ကစားတာ၊ YouTube ဗီဒီယိုတွေဖန်တီးတာတွေနဲ့ သူ့ရဲ့အချိန်တော်တော်များများကို ကုန်ဆုံးဖြစ်တယ်လို့ ရှရန်ကိုက ပြောပါတယ်။ သူက သူ့ရဲ့ကောင်လေး၊ ကနေဒါက သူ့မိသားစုတွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်ဖြစ်ပါတယ်။ “ကနေဒါမှာ ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း ကြားတဲ့အရာတွေကို ကျွန်မကို ပြောပြပြီး ကျွန်မကလည်း တရုတ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ပြန်ပြောပြပါတယ်” လို့ ရှရန်ကိုက ဆိုပါတယ်။

ဝူဟန်မြို့ကို ပိတ်ထားတဲ့အတွက် တရုတ်အစိုးရက နိုင်ငံခြားတွေရဲ့ ဗီဇာကို သက်တမ်းတိုးပေးထားပြီး လူတွေကလည်း သူတို့ရဲ့တစ်နေ့တာလိုအပ်ချက်တွေအတွက် ပိုက်ဆံပြတ်လပ်လို့နေပါတယ်။ “အခုဆိုရင် ဘယ်သူမှ အလုပ်မလုပ်ကြတဲ့အတွက် ဝင်ငွေလည်းမရှိကြပါဘူး။ ကိုရိုနာဗိုင်းရပ်စ်က ဘယ်အချိန်မှာ ပြီးမယ်ဆိုတာ မသိတဲ့အတွက် တတ်စွမ်းသလောက် ငွေစုဆောင်းဖို့ ကျွန်မကြိုးစားနေပါတယ်။ ကျွန်မ့စိတ်ထဲမှာ သေစေလောက်တဲ့ဗိုင်းရပ်စ်သစ်က တစ်ကယ်မဟုတ်ဘူးလို့ထင်ခဲ့ပါတယ်။ မင်းတို့ ရုပ်ရှင်ကားတွေထဲမှာမြင်ရတဲ့အရာလို့ပါပဲ။ ရက်တစ်ပတ်ကြာလာပြီးတဲ့နောက်မှာ တကယ်ကို ဆိုးရွားလာတဲ့ကိစ္စကြီးပါပဲ” လို့ ရှရန်ကိုက ပြောပါတယ်။

အခုဆိုရင် ရှရန်ကိုက ဒီအခြေအနေကို နားလည်သွားခဲ့ပြီး တရုတ်အစိုးရက ဗိုင်းရပ်စ်သစ်ကို ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ယုံကြည်ထားပါတယ်။ “ကျွန်မရဲ့ကံတရားကို တရုတ်အစိုးရလက်ထဲကို အပ်ထားတယ်လို့ ကျွန်မမပြောပါဘူး။ ဒါပေမဲ့ သူတို့အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ကျွန်မပြောနိုင်ပါတယ်။ အရမ်းကူးစက်တတ်တဲ့ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ထိန်းချုပ်ဖို့ ခက်ခဲပါတယ်”လို့ သူက ဆိုပါတယ်။

ရှရန်ကိုရဲ့ဆန္ဒက လေယာဉ်ပေါ်ကို သူ့ရဲ့ကြောင်လေးကို ခေါ်ခွင့်ပြုဖို့ပါပဲ။ ဒါမှ ကနေဒါကို ပြန်သွားလို့ရနိုင်မှာဖြစ်ပါတယ်။ ရှရန်ကိုက ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ကို သူနဲ့သူ့ကြောင်လေး ပြန်သွားနိုင်ဖို့အတွက် ဒေါ်လာ (၂၅၀၀) စုဆောင်းနိုင်ဖို့ GoFundMe အဖွဲ့အစည်းကို တည်ထောင်ထားပါတယ်။

Ref: Canadian Woman Refuses to Evacuate Wuhan and Abandon Her Cat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top