မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် ဘုရားဝန်းအတွင်းရှိ ကြေးရုပ်ကြီးများ

mdy-maharmuni-03-1.jpg

မန္တလေး မဟာမုနိ ရုပ်ရှင်တော်ကို ယခင်က သွားရောက်ဖူးမျှော်ဖူးသော်လည်း မဟာရာမ်အတွင်းရှိ ကြေးရုပ်ပြတိုက်သို့ မသွားဖြစ်ခဲ့ပေ။ တတိယအကြိမ်မြောက် သွားရောက်ဖြစ်ရာတွင် အချိန်လည်း လုံလုံလောက်လောက်ရသဖြင့် ဘုရားရင်ပြင်အနှံ့ လှည့်လည်လျှောက်သွားဖြစ်ခဲ့ပါသည်။ ထိုသို့သွားရင်း ကြေးရုပ်ပြတိုက်သို့ ရောက်ရှိဖြစ်ခဲ့သည်။ ကြေးရုပ်များ၏ မျက်လုံးနှင့် ဝမ်းဗိုက်နေရာတွင် စက်ဝိုင်းသဏ္ဍာန် အပေါက်များ ဖောက်ထားသည်ကို ပဟေဠိဆန်စွာ တွေ့ရသဖြင့် စိတ်ဝင်တစား မေးမြန်းရှာဖွေကြည့်ဖြစ်သည်။

ကမ္ဘာ့သုတေသီများ၏ သမိုင်းမှတ်တမ်းအရ ယင်းကြေးရုပ်များကို ယိုးဒယားတို့က ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောဝတ်ကျောင်းတော်မှ ရှေးဦးစွာ ယူဆောင်ခဲ့ကြသည်ဟု ဆိုထားသည်။ သက္ကရာဇ် ၉၂၅ ခုတွင် ဟံသာဝတီဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းသည် ယိုးဒယားနိုင်ငံအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကြေးရုပ်ကြီးများကိုပါ ဟံသာဝတီသို့ သယ်ယူလာခဲ့သည်။ ကြေးရုပ်များကို ဟံသာဝတီသို့ သယ်ယူရာတွင် ညဘက် အိပ်ချိန်များ၌ လူသဏ္ဍာန် ကြေးရုပ်များမှာ ပျောက်သွားတတ်ပြီး ပြန်လည်ရှာဖွေရာ အခြားနေရာများတွင် ပြန်တွေ့ရတတ်သည်။ နောက်ပိုင်းတွင် ကြေးရုပ်များ၏ မျက်လုံးနှင့် ဝမ်းဗိုက်ကို အပေါက်ဖောက်လိုက်မှ ဟံသာဝတီသို့ သယ်ယူလာနိုင်တော့သည်ဟု အဆိုရှိသည်။

သက္ကရာဇ် ၉၆ဝခုတွင် ဟံသာဝတီပြည်ပျက်သော် ၉၆၁ ခုတွင် ယိုးဒယားဘုရင် ဗြနရာဇ်မင်းသည် တောင်ငူကို တိုက်ခိုက်လေသည်။ ရခိုင်ဘုရင် မင်းရာဇာမှ တောင်ငူဘုရင်၏ အကူအညီ တောင်းခံမှုကြောင့် မြန်မာဘက်မှ စစ်ကူပြီး ယိုးဒယားတို့ကို တိုက်ထုတ်နိုင်ခဲ့သည်။ တောင်ငူဘုရင်မှ ကျေးဇူးသိတတ်သော အားဖြင့် အမျိုးမျိုးသော ဘဏ္ဍာတော်များနှင့်အတူ ကြေးရုပ်ကြီးများကိုပါ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

သက္ကရာဇ် ၁၁၄၆ ခု ဘိုးတော် ဗဒုံမင်းလက်ထက်တွင် ရခိုင်ပြည်အား သိမ်းတော်မူသည်။ သားတော် အိမ်ရှေ့မင်းသားအား ဓညဝတီ ရခိုင်ပြည်မှ မဟာမုနိ ဘုရားကြီးအား ပင့်ဆောင်စေခဲ့ရာ အိမ်ရှေ့မင်းမှ ကြေးရုပ်များကိုပါ မန္တလေးမင်းနေပြည်တော်သို့ တပါတည်းယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ယူဆောင်ခဲ့သောကြေးရုပ်အမျိုးအစားများမှာ ခေါင်းသုံးလုံးရှိသောဆင်ရုပ် – ဧရာဝဏ် (ယိုးဒယားအခေါ် ချန်းစမ်စင်)၊ ခြင်္သေ့ရုပ် (ယိုးဒယားအခေါ် ရာဂျာစီဟ) နှင့် လူပုံကြေးရုပ် – ဒေဝနတ်ရုပ် (ယိုးဒယားအခေါ် ထေဝ) ရုပ်တို့ဖြစ်ကြသည်။ လူကြေးရုပ်များမှာ ၇ ပေ မှ ၈ ပေထိ ရှိကြသည်။

မန္တလေး မဟာမုနိဘုရားဝန်းရှိ ဧရာဝဏ်ဆင်ကြေးရုပ်

မန္တလေး မဟာမုနိဘုရားဝန်းရှိ ခြင်္သေ့ကြေးရုပ်

ယင်း လူကြေးရုပ်များအား ရောဂါခံစားနေရသူများက ဝေဒနာနှင့်တိုက်ဆိုင်သော အစိတ်အပိုင်းများအား ပွတ်တိုက် ဆုတောင်းခြင်းဖြင့် ရောဂါသက်သာသည်ဟု အယူအဆရှိခဲ့ကြသည်။ ကြေးရုပ်ကြီးများ၏ ပွတ်တိုက်ဖန်များသောနေရာများတွင် ကြေးရောင်လက်နေပြီး အခြားသော အစိတ်အပိုင်းများတွင် ကြေးညှိများတက်နေသည်ကို တွေ့ခဲ့ရသည်။

Stacy Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top