တစ်ကိုယ်တည်းခရီးသွားတတ်သူတွေလည်း ဓာတ်ပုံကောင်းကောင်းရနိုင်ပါတယ်

travler_alone.jpg

စာရေးသူလိုပဲ ခရီးသွားခြင်းက သင့်ရဲ့အိမ်မက်တစ်ခုဆို အဖော်ရှိမှခရီးထွက်လို့ကောင်းမှာပေါ့ဆိုတဲ့ အတွေးကြီးကို ဖျောက်ပစ်လိုက်ပါတော့။

ခရီးသွားဖော်မပါလည်း ဓာတ်ပုံကောင်းကောင်းရိုက်လို့ရပါတယ်။ ပုံလှလှလေးတွေလည်းထွက်ပါတယ်။ အဓိကက ကိုယ်ဘယ်လိုရိုက်မလဲဆိုတဲ့ပေါ်မှာပဲ မူတည်တာပါ။ အဲတော့ ဘယ်လိုရိုက်မလဲပေါ့နော်။ ဆက်ကြည့်လိုက်ကြရအောင်။

၁။ သူစိမ်းကို အကူအညီတောင်းပါ
နံပါတ်မှာ (၁) … တစ်ယောက်တည်းခရီးထွက်လာတာပါဆိုမှ ဓာတ်ပုံလှလှလေးလိုချင်တယ်ဆိုရင်တော့ တခြားသူကို အကူအညီတောင်းရမှာပဲလေ။ မရှက်ပါနဲ့။ ကိုယ့်လိုလူတွေ အများကြီးပါ။ ဆိုတော့ တခြားသူကို အကူအညီတောင်းလို့ ဖြစ်ပါ့မလား။ ဘာညာနဲ့ အကူအညီမဖြစ်စေတဲ့ အတွေးမျိုးကိုခုချိန်ကစပြီး ဖျောက်ပစ်လိုက်ပါ။ အဲဒီအစား အာလူးကြော်လေးစား၊ ကိုကာကိုလာလေးသောက်ပြီး ခရီးသွားဆောင်းပါတွေထိုင်ဖတ်ရင်း အတွေးနယ်ချဲ့နေလိုက်ပါ။ အများကြီးတော့မစားနဲ့နော်။ ဝိတ်တတ်လိမ့်မယ် xD

ဪ … ခုနောက်ပိုင်း selfie stick လေးတွေလည်းပေါ်လာပြီလေ။ အာ့တွေလည်းယူသွားပြီး ရိုက်လို့ရပါတယ်။ နောက်ထပ်ကင်မရာကို timer ပေးထားပြီးတော့လည်း ရိုက်လို့ရပါသေးတယ်။ စိတ်မပူပါနဲ့။ ရိုက်သာရိုက်ပါ။ ပုံ (၂၀) မှာ (၁) ပုံလောက် ကောင်းကောင်းပါလာလည်းနည်းလာနော်။

၂။ လက်တွေ၊ ခြေထောက်တွေချည်း သပ်သပ်ရိုက်ပါ
အံမယ် … အထင်မသေးနဲ့နော်။ ဒါကလုံးဝစတိုင်ဖြစ်နေတာ။ ရှုခင်းကိုနောက်ခံထား လက်လေးနှစ်ချောင်းထောင်။ ဒါလည်းအမှတ်တရတစ်မျိုးပဲလေ။ နောက်ထပ် ရေတံခွန်လိုနေရာမျိုးမှာဆို ရေထဲခြေထောက်လေးစိမ်ထားပြီးရိုက်ကြည့်။ ရိုက်ရင်ရိုက်တတ်သလို ပုံကောင်းရတာပါဆို။ တစ်ခါစာရေးသူ ရေတံခွန်တစ်ခုသွားလည်တုန်းကဆို ကိုယ်တိုင်အားရပါးရပဲပေးရိုက်ထားတဲ့ ပုံတွေကတစ်ပုံမှမလှဘဲ ရှူခင်းသက်သက်ရိုက်ထားတဲ့ ပုံလေးတွေကလှနေလေရဲ့။ ကိုယ်မပါမှ သဘာဝတရားကြီးက ပိုလို့အသက်ဝင်လှပနေရှာတာလေ။ လုံးဝမပါရဘူးလို့မပြောဘူးနော်။ လက်လေးထည့်ရိုက်၊ ခြေထောက်လေးထည့်ရိုက်၊ မျိုးစုံကြိုးခုန်ပြီး ရိုက်ကြည့်ပါလေ။

၃။ မှန်နဲ့ တခြားပုံရိပ်ပြန်စေနိုင်တဲ့ အရာဝတ္ထုတွေကို သုံးပြီးရိုက်ပါ
ဖန်တီးတတ်ပါစေ။ mirror selfie လေ။ ရိုက်တတ်မှာပါ။ အဲလိုပဲတခြားပုံရိပ်ထင်စေနိုင်တဲ့ ဘယ်အရာရှေ့မှာမဆိုပဲပေးရိုက်ထားပါ။ ပြောင်ပြောင်မြင်ရင် ကင်မရာထုတ်တော့။ Memory တော့မပြည့်ပါစေနဲ့။ ရိုက်လိုက်ပြည့်သွားလို့ ထိုင်ဖြတ်နေရနဲ့အလုပ်ရှပ်ပါတယ်။ မသွားခင်တစ်ခါတည်းစစ်ဆေးသွားပါ။ အရေးကြီးတယ်နော်။ တစ်ယောက်တည်းသွားမယ့်သူမဟုတ်လား။

၄။ ဘယ်သူမှမပါလေပိုကောင်းလေ
အမှတ်တရတွေစုဆောင်းနေတာလေ။ လူပါမှရယ်လား။ တစ်ချိန်ဓာတ်ပုံလေးတွေပြန်ကြည့်တဲ့အခါ ဪ … ငါရောက်ဖူးတာ ဒီလိုနေရာပါလားဆိုပြီး ရှင်းရှင်းလင်းလင်းမြင်ရတော့ ပိုကောင်းတာပေါ့။ သင်သိမှာပါ။ ဘယ်ခရီးသွား blogger တွေရဲ့ပုံတိုင်းမှာမှ အမြဲ သူတို့ပုံတွေပါမနေပါဘူး။ ရှူခင်းတွေချည်း ရိုက်ထားတာရှိမယ်။ အထင်ကရနေရာတွေကို ရိုက်ထားတာရှိမယ်။ လူမပါလေပိုကောင်းလေနော်။ ကိုယ်မှမဟုတ်ဘူး။ တခြားဘယ်သူမှမပါတဲ့ ပုံတွေကိုရိုက်သိမ်းထားကြည့်ပါ။ တစ်ချိန်အမှတ်တရဖြစ်လိမ့်မယ်လို့ အာမခံပါတယ်။

Po Mo Htoo Aung. (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top