ဖောက်ထွင်းသမားနဲ့ တိုက်ခိုက်ပြီးနောက် ဓားထိုးခံလိုက်ရတဲ့ မင်းသားဆာအစ်ဖ် အလီခန်းက သူ ဓားထိုးခံရပြီးနောက် သူ့ကို မွမ်ဘိုင်းရှိ Lilavati Hospital ကို အလျင်အမြန်ပို့ဆောင်ပေးခဲ့တဲ့ အိုးဝေမောင်းသမား ဘာဂျန် ဆင်းဂျ် ရီနာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆာအစ် ဆေးရုံက မဆင်းခင် တစ်ရက်က တွေ့ဆုံခဲ့ကြတာပါ။

သူတို့နှစ်ဦး တွေ့ဆုံတဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ဆေးရုံမှာ အတူတူ Pose ပေးနေကြတဲ့ သူတို့နှစ်ဦးကို ဓာတ်ပုံထဲမှာ မြင်တွေ့ရပါတယ်။ ဆေးရုံကုတင်ပေါ်မှာ အတူထိုင်ပြီး ရိုက်ထားသလို မတ်တပ်ရပ်ပြီးလည်း ရိုက်ထားကြပါတယ်။
ဒဏ်ရာတွေနဲ့ သူ့ကို ဆေးရုံအမြန်ပို့ဆောင်ပေးခဲ့တဲ့အတွက် ဘာဂျန်ကို ဆာအစ်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့တာပါ။ ဘာဂျန်က ဆာအစ်ရဲ့အိမ်ရာအနီးနားမှာ အိုးဝေမောင်းနေစဉ် ဆာအစ် ထိခိုက်ဒဏ်ရာရတာကို သိရှိသွားပြီး အမြန်ရောက်လာကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။

ဆာအစ်က ဘာဂျန်ကို အခြားသူတွေကို ဆက်ပြီးကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ “အခုလိုမျိုး အခြားသူတွေကို ဆက်ပြီးကူညီပေးပါ။ မင်း အကူအညီလိုရင် ဆက်သွယ်ဖို့ တုံ့ဆိုင်းမနေပါနဲ့”လို့ ဆာအစ်က ဆိုပါတယ်။

ဆာအစ် ဓားထိုးခံရပြီး ၃ ရက်အကြာမှာ ရဲတပ်ဖွဲ့က ဖောက်ထွင်းသူကို ရှာဖွေဖမ်းဆီးမိခဲ့ပါတယ်။ ဆာအစ်ကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သလို အိမ်ထဲဝင်ရောက်စဉ် လူမိသွားလို့ သူ လွတ်မြောက်ဖို့အတွက် ဆာအစ်ကို ဓားနဲ့ ထိုးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆက်စပ်သတင်းဖတ်ရှုရန် – အိန္ဒိယမင်းသားဆာအစ်ဖ် အလီခန်းကို ဓားနဲ့ထိုးခဲ့တဲ့တရားခံကို ဖမ်းမိထား
https://yoyarlay.com/saif-ali-khan-is-likely-to-be…/
Ref: Saif Ali Khan poses with auto driver who rushed him to hospital
WL (ရိုးရာလေး)